မကွေးမြို့က သံတိုသံစ၊ကော်ဘူး ကောက်တဲ့အမျိုးသားတစ်ဦး လမ်းဘေးဓာတ်တိုင်က တွဲကျနေတဲ့ သံကြိုးကိုဆွဲယူရာမှ ဓာတ်လိုက်ပြီး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းဆီကသိရပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ မကွေးမြို့၊တောင်တွင်းလမ်း၊ရွှေတိုက်မုန့်ဆိုင်ရှေ့ရှိ ဓာတ်တိုင်ကို ထိန်းထားတဲ့ သံကြိုးကို ဆွဲယူခဲ့ပြီးနောက် ဓာတ်လိုက်သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ - Myanmar Rescue Magway
""သူက ၆ ခွဲလောက်မှာ ရေသန့်ဗူး နည်းနည်းပဲ ကောက်ရသေးတယ်။ ပြီးတော့ဓာတ်တိုင်ကသံကြိုးခွေကိုသူကအားကိုးတကြီးနဲ့ယူလိုက်ပုံ ၊ အဲ့ဒီသံကြိုးကဓာတ်ကြိုးမဟုတ်ဘူး။ ဓာတ်တိုင်လဲမှာကြောက်လို့ဘေးကနေ ဆွဲထားတဲ့ကြိုးပေါ့။ ကျနော်တိုရောက်တော့ ဓာတ်လိုက်ထားတဲ့ဒဏ်ရာတွေရထားလို့ ဓာတ်လိုက်တယ်လို့ယူဆတာပေါ့။ ဓာတ်တိုင်မှာကိုလျှပ်စီးဝင်နေတဲ့သဘော။ သူ့ ဖိနပ်က အရပ်ဒေသ အများခေါ်ဆို ဖိနပ်မြီးတိုပေါ့။အဲ့တော့ခြေထောက်ကမြေကြီးထိနေတယ်၊အောက်ကအစိုဓာတ်လည်းရှိနေတော့ ဓာတ်လိုက်ပြီးဒဏ်ရာတွေရပြီး တောင့်တောင့်ကြီးသေဆုံးနေတာတွေ့ရတာပေါ့" လို့ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌဦးအောင်မျိုးနိုင်ကပြောပါတယ်။
သေဆုံးသူအမျိုးသားက အသက် ၃၈ နှစ်အရွယ် ဦးထွန်းလင်းအောင်ဆိုသူဖြစ်ပြီး သံတိုသံစ ကောက်တဲ့အလုပ်လုပ်ကိုင်သူဖြစ်ကာ မိသားစုလည်းရှိတယ်လိုသိရပါတယ်။
အဆိုပါဓာတ်လိုက်သေဆုံးခဲ့တဲ့ အမျိုးသားကို ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းက မကွေးတိုင်းဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။အခင်းဖြစ်ပွားပြီးနောက်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဓာတ်တိုင်းနေရာကို ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။