ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာဖြစ်ပွားခဲ့တာပါ။

ယူနိုက်တက်ဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ သူတို့ရဲ့ တောင်ပံတိုက်စစ်အတွက် အေဂျက်စ်ကြယ်ပွင့် အန်တိုနီကို ယူရိုသန်း (၁၀၀) နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ဒီကစားသမားကိုယ်တိုင်က ယူနိုက်တက်ကို လိုလိုလားလားပြောင်းရွှေ့လိုခဲ့ပြီး အသင်းဘက်ကလည်း ဆက်တိုက်ကြိုးစားခဲ့တာကြောင့် အခုလိုပဲ အပြောင်းအရွှေ့က ဖြစ်မြောက်ခဲ့တာပါ။



ဒီလိုမျိုး အန်တိုနီရောက်လာချိန်မှာပဲ မီဒီယာတွေက တချိန်က သူနဲ့ ဒါဝင်နူးနက်ဇ်တို့ ပြဿနာတက်ခဲ့တဲ့အကြောင်းကို အချိန်ကိုက် ပြန်လည်ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ လီဗာပူးကို ပြောင်းရွှေ့ကြေး သန်း (၁၀၀) နဲ့ပဲ ရောက်ရှိနေတဲ့ တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ဟာ အန်တိုနီနဲ့ပြဿနာတက်ခဲ့ချိန်တုန်းက ဘင်ဖီကာမှာ ကစားနေဆဲလည်းဖြစ်ပါတယ်။ သူတို့နှစ်ယောက်အကြား ပြိုင်ဘက်တွေအဖြစ် ထိပ်တိုက်တွေ့ချိန်မှာ အန်တိုနီက နူးနက်ဇ်ကို ခေါင်းနဲ့တိုက်ခဲ့တာပါ။



ဒီဖြစ်ရပ်ကတော့ ဒီနှစ်အစောပိုင်း ဖေဖော်ဝါရီလအတွင်း ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပွဲစဥ်မှာဖြစ်ပွားခဲ့တာပါ။ အဲ့ဒီပွဲမှာ တဖက်နှစ်ဂိုးစီ သရေကျခဲ့ပြီး ပွဲချိန်အတွင်း နှစ်ယောက်သား ဘောလုံးယှဥ်လုရင်းနဲ့ အချင်းများခဲ့ကြပါတယ်။ ဒီလိုမျိုးအချင်းများခဲ့ချိန်မှာ အန်တိုနီက နူးနက်ဇ်ကို ခေါင်းနဲ့တိုက်ခဲ့ပြီး နူးနက်ဇ်ကလည်း မြေကြီးပေါ်လဲကျသွားခဲ့ပါတယ်။

ဒါပေမယ့် ကံကောင်းတာက အန်တိုနီတယောက် အဝါကတ်သာပြသခံခဲ့ရပြီး ဒီပွဲကို ဆက်လက်ကစားခွင့်ရရှိခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်နဲ့ပဲ အန်တိုနီ ပရီးမီးယားလိဂ်ကို မရောက်လာခင်မှာ နူးနက်ဇ်က ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ပြိုင်ဘက်နောက်ခံလူ အန်ဒါဆန်ကို ခေါင်းနဲ့တိုက်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါသေးတယ်။

အဲ့ဒါကြောင့်လည်း အန်တိုနီ ယူနိုက်တက်ကို ရောက်ရှိလာတာကြောင့် ဒီနှစ်ယောက် ပရီးမီးယားလိဂ်မှာ ပြန်လည်ထိပ်တိုက်တွေ့ချိန်မှာ သန်း (၁၀၀) တန်အချင်းချင်း “ကျောင်းတော်က ရန်စ” တွေကို ဖြေရှင်းဖို့ရှိနေလိမ့်ဦးမယ်လို့ ပရိသတ်တွေက မှတ်ချက်ပြုနေကြပါတယ်။ 

Share

Loading Next Article...
က္က