တရုတ် ဗဟိုဘဏ် ကြေညာချက်အရ ဘီလီယံနာ ဂျက်မားရဲ့ Ant Group ကို သုံးစွဲသူ အချက်လက် ကာကွယ်ရေး ဆိုင်ရာ ဥပဒေ ချိုးဖောက်မှုကြောင့် ဒေါ်လာ 985 သန်း ဒဏ်ရိုက်ပစ်လိုက်တယ်လို့ တရုတ် စံတော်ချိန် သောကြာနေ့ (7.3.23) သတင်းအရ သိရပါတယ်။
အကြောင်းပြချက်ကို တည်ဆဲ ဥပဒေ ချိုးဖောက်လို့ ဆိုထားပေမယ့် စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်က Ant Group ရှယ်ယာ 33% ပိုင်ဆိုင်ထားတဲ့ Alibaba ဟာ တရုတ်စံတော်ချိန် မနက် 10 နာရီမှာ ရှယ်ယာ 6% ထပ်တက်သွားခဲ့တာပါ။
ဟောင်ကောင် အခြေစိုက် ဘဏ္ဍာရေး လုံခြုံမှု မန်းနေဂျင်း ဒါရိုက်တာ ဖြစ်သူ “Louis Tse Ming-Kwong” ဆိုသူက “အဲဒါနဲ့တင် ပုရွက်ဆိတ်ကို ဒဏ်ရိုက်ဖို့ ဖြစ်သွားစေတာပေါ့” လို့ ထင်မြင်ချက်ကို South China Morning Post မှာ ပြောခဲ့ပါတယ်။
Ant Group ကို Alibaba CEO ဟောင်း ဂျက်မား တည်ထောင်ခဲ့ပြီး ပြဿနာ ဘယ်ကနွယ်လာတာလဲဆိုရင် 2020 တုန်းက ဒေါ်လာ 34.5 ဘီလီယံ တန်ကြေးရှိ IPO မိတ်ဆက်တာနဲ့ ပတ်သက်ပြီး တရုတ် အစိုးရ ပိတ်ပင်ခဲ့ရာက ဆက်စပ်နေတာပါ။
ဘာလို့ တရုတ်အစိုးရနဲ့ သွားငြိရသလဲ အကြောင်းပြချက်ကို နိုင်ငံအတွင်း ချမှတ်ထားတဲ့ ငွေချေး စနစ်က ထင်သာ မြင်သာ မဖြစ်သလို စီးပွားရေး အချက်ချာကို ခြေကုပ်ယူဖို့ ဖိအားပေးထားတဲ့ သမ္မတ Xin Jinping အောက် ရင်းနှီးမြုပ်နှံဖို့ မလွယ်တာပါ။
ဒါကို ဖွဲမီးသဖွယ် တအိအိ လောင်ကျွမ်းစေမယ့် စကားတချို့ကို မိန်ခွန်းပြောရာမှာ ဂျက်မား ဆိုခဲ့တာကြောင့် ဒေါက်ဖြုတ်တယ်လို့ပဲ ဆိုရမလား အင်တာနက် စာမျက်နှာပေါ်က ဂျက်မား ပျောက်သွားခဲ့ရပြီး Alibaba Group အနေနဲ့ ဘီလီယံနဲ့ချီပြီး ဆုံးရှုံးခဲ့ပါတယ်။
2021 မှာ Monopoly ဆန့်ကျင်ရေး စုံစမ်းမှုကို တရုတ် အစိုးရ ထလုပ်တဲ့အခါ ဒေါ်လာ 2.8 ဘီလီယံ Alibaba ထပ် ဒဏ်ရိုက်ခံရပြီး Didi နဲ့ Meituan လို နည်းပညာ ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေပါ ကြားညပ်ခံ ခဲ့ရပါတယ်။
အခု 2023 ဇူလိုင်မှာ ဒေါ်လာ 985 သန်း ဒဏ်ရိုက်ခံရတဲ့အခါ Ant Group ရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားတဲ့ Alibaba လုပ်ပိုင်ခွင့် ၊ ရပိုင်ခွင့် 10% လောက် ပျောက်သွားပြီလို့ E-commerce ကျွမ်းကျင်သူတွေ သုံးသပ်ထားပါတယ်။
Ant Group ဟာ ငွေချေး ၊ Credit ၊ ရင်းနှီးမြုပ်နှံမှုနဲ့ အာမခံလုပ်ငန်း ၊ Startup နဲ့ အသေးစား စီးပွားလုပ်ငန်းစုတွေကို ကိုင်တွယ်ထားပြီး သန်းရာနဲ့ချီတဲ့ Customer တွေနဲ့ နေ့တိုင်း ထိတွေ့နေရတဲ့ Digital Payment Platform တစ်ခုပါ။
အခုလို ဒဏ်ရိုက်လိုက်တဲ့ ဒေါ်လာ 985 သန်း ပေးဖို့ တည်ဆဲ ဥပဒေအတိုင်း လိုက်နာရမှာ ဖြစ်ပြီး ဂျက်မားနဲ့ အတူ ပဲလှော်ဆားညပ် ဖြစ်ခဲ့တာ Tencent ပါ။
Ant Group ပြိုင်ဖက် ဖြစ်လင့်ကစား ဒေါ်လာ 323 သန်း ပေးဖို့ ဒဏ်ရိုက်ခံရပြီး Chairman ဖြစ်သူ “Ma Huateng” က “အတော်လေး Supporting ဖြစ်ပြီး အားပေးအားမြောက် ပြုရာ ရောက်ပါတယ်” လို့ သူ့ယုံကြည်ချက်ကို ပြောခဲ့ပါတယ်။
ဒါ့အပြင် 3 နှစ်ဆက်တိုက် သားကောင်သဖွယ် ပစ်မှတ်ထားခံခဲ့ရတဲ့ Alibaba အပြင် တခြား နည်းပညာ ကုမ္ပဏီတွေ အပေါ် ခြယ်လှယ်တာ ၊ ဖိအားပေးတာ ၊ ဒဏ်ရိုက်တာ အစရှိတဲ့ တရုတ်အစိုးရ Crackdown အပြုမူဟာ ဒေါ်လာ 985 ဒဏ်ကြေးနဲ့ အဆုံးသတ်ဖွယ်ရှိတယ်လို့ BBC သတင်းမှာ ရေးသားထားတာ တွေ့ရပါတယ်။
(Crackdown - ဥပဒေ ချိုးဖောက်မှုကြောင့် ပိတ်ပင်ခြင်း ၊ ကန့်သတ်ခြင်း ၊ ဒဏ်ရိုက်ခြင်း အစရှိတဲ့ လုပ်ရပ်တွေကို ဥပဒေဘောင်အတွင်းက တစ်ခုပြီးတစ်ခု ဖိအားပေး ဆောင်ရွက်ခြင်း)
ဂျက်မားကို အင်္ဂလိပ်စာ သင်ပေးတဲ့ ဆရာအဖြစ်ကနေ 1999 မှာ Alibaba ကို တည်ထောင်ခဲ့ပြီးနောက် ဘီလီယီနာ ဖြစ်လာသလို့ သိကြပါတယ်။ အခုဆိုရင် Ant Group နဲ့ လုံးဝ မသက်ဆိုင်တဲ့ အကြောင်းကို ဇန္နဝါရီ 2023 မှာ ပြောခဲ့ပြီး နှစ်ရှည်လများ ပျောက်နေခဲ့ရာက 2023 မတ်လ တရုတ်နိုင်ငံမှာ တွေ့ခဲ့ရတယ်လို့ နောက်ဆုံးရ သတင်းအရ သိရပါတယ်။
Source: BBC
Share