၂၀၂၆ ခုနှစ်အထိ ရင်းနှီးမြှပ်နှံမှု လုပ်သွားမှာပါ

တောာင်ကိုရီးယားစက်မှုလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Samsung Group ဟာ Semiconductor အပါအဝင် စီးပွားရေးလုပ်ငန်းတွေမှာ နောက် ၅ နှစ်အတွင်း ကိုရီးယားဝမ် ၄၅၀ ထရီလီယံ (ကန်ဒေါ်လာ ၃၅၆ ဘီလျံ) ရင်းနှီးမြှပ်နှံသွားမယ်လို့ ဆိုပါတယ်။ 



၂၀၂၆ ခုနှစ်အထိ ရင်းနှီးမြှပ်နှံသွားမှာ ဖြစ်ပြီး အရေးပါတဲ့ Semiconductors လုပ်ငန်း ၊ ဇီဝဆေးထုတ်လုပ်ရေးနဲ့ မျိုးဆက်သစ်နည်းပညာဖွံ့ဖြိုးရေးပိုင်းတွေကို အရှိန်မြှင့်တင်ဖို့ အခုလို မြှပ်နှံလိုက်တာလို့လည်း Reuters သတင်းက ဆိုပါတယ်။ Samsung အနေနဲ့ Chip ကဏ္ဍလို ဗျူဟာမြောက်အရေးပါတဲ့ လုပ်ငန်းတွေမှာ ရေရှည်ဖွံဖြိုးဖို့ နဲ့ ဇီဝဆေးထုတ်လုပ်ရေးပိုင်းကိုလည်း Chip စီးပွားရေးလို အောင်မြင်ဖို့ အမြောက်အများ ရင်းနှီးမြှပ်နှံလာတာပါ။



ကမ္ဘာ့အကြီးဆုံး Chip ထုတ်လုပ်သူတစ်ဦး ဖြစ်တဲ့ Samsung Electronics အနေနဲ့ ကဏ္ဍအလိုက် သုံးစွဲမယ့် ငွေပမာဏကို ထုတ်ပြန်ခြင်း မရှိပေမယ့် ရင်းနှီးမြှပ်နှံမှုရဲ့ ၈၀%(ဒေါ်လာ ၂၈၅ ဘီလျံ) ကို တောင်ကိုရီးယားမှာ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အင်္ဂါနေ့က ထုတ်ပြန်ကြေညာချက်မှာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ကတိပြုခဲ့တဲ့ ကိုရီးယားဝမ် ၂၄၀ ထရီလီယံ ရင်းနှီးမြှပ်နှံရေးကတိပြုချက်လည်း ပါဝင်နေပါတယ်။

Samsung Group ရဲ့ ဒီရင်းနှီးမြှပ်နှံမှုကနေ တစ်နှစ်ကို အလုပ်အကိုင်နေရာ ၁၆၀၀၀ နှုန်းနဲ့ ၂၀၂၆ ခုနှစ်အထိ အလုပ်အကိုင်သစ် ၈၀၀၀၀ ဖန်တီးပေးနိုင်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အရင်ကတော့ ကုမ္ပဏီအနေနဲ့ ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်အထိ အလုပ်အကိုင်နေရာ ၄၀၀၀၀ ဖန်တီးပေးဖို့ မျှော်မှန်းထားခဲ့တာ ဖြစ်ပါတယ်။ အလုပ်နေရာအများစုဟာ တောင်ကိုရီးယားမှာ ခေါ်ယူသွားဖို့ ရှိပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီရဲ့ နည်းပညာသုတေသနနဲ့ ဖွံ့ဖြိုးရေးစင်တာတွေဟာ ယူကေ ၊ အမေရိကန် ၊ ကနေဒါ ၊ ဖိလစ်ပိုင်အပါအဝင် ကမ္ဘာတလွှားမှာ တည်ရှိနေပါတယ်။ 

Samsung အနေနဲ့ ဒီကြေညာချက်ထဲမှာ လျှပ်စစ်ယာဉ်အတွက် ဘက်ထရီထုတ်လုပ်မှုကို အနာဂါတ်ဖွံ့ဖြိုးမှုမောင်းနှင်ရေးအင်ဂျင်အဖြစ် ထည့်သွင်းဖော်ပြခြင်း မရှိပါဘူး။ Samsung Group ရဲ့ ဘက်ထရီစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Samsung SDI နဲ့ Chrysler ရဲ့ မိခင်ကုမ္ပဏီ Stellantis တို့ဟာ အမေရိကန်နိုင်ငံ အင်ဒီယာနာပြည်နယ်မှာ ဒေါ်လာ ၂.၄ ဘီလျံ အကုန်အကျခံပြီး ဘက်ထရီစက်ရုံတစ်ခု တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ ၂၀၂၅ ခုနှစ်မှာ ဖွင့်လှစ်သွားဖို့ ရည်မှန်းထားတဲ့ ဒီစက်ရုံ စီမံကိန်းကနေ ကိုကိုမိုမြို့နဲ့ အနီးတစ်ဝိုက်နေ ပြည်သူတွေအတွက် အလုပ်အကိုင်ပေါင်း ၁၄၀၀ ဖန်တီးပေးနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။



ပြီးခဲ့တဲ့ သောကြာနေ့ကပဲ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ သူ့ရဲ့ ၅ ရက်ကြာ အာရှခရီးစဉ်မှာ တောင်ကိုရီးယားရှိ Samsung Electronics ရဲ့ Semiconductor စက်ရုံကို လာရောက်လည်ပတ်မှု လုပ်ခဲ့ပါတယ်။ သမ္မတလာရောက်လည်ပတ်ခဲ့တဲ့ စက်ရုံဟာ အမေရိကန်နိုင်ငံ တက္ကဆက်မှာ တည်ဆောက်သွားမယ့် Samsung ရဲ့ Semiconductor စက်ရုံနဲ့ တစ်ပုံစံတည်းဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ တက္ကဆက် Semiconductor စက်ရုံတည်ဆောက်ဖို့ ဒေါ်လာ ၁၇ ဘီလျံ ရင်းနှီးမြှပ်နှံမယ့်အကြောင်း Samsung က ကြေညာခဲ့ပါတယ်။

Share

က္က