Google ရဲ့ ပထမဆုံးစမတ်နာရီ ထွက်လာပြီ ဖြစ်ပါတယ်။
Google Pixel Watch နာရီသစ်ဟာ ကုမ္ပဏီရဲ့ ပထမဆုံးစမတ်နာရီဖြစ်ပြီး Fitbit ရဲ့ ကျန်းမာရေး ၊ ကိုယ်လက်ကြံ့ခိုင်မှုနဲ့ Machine Learning ဆိုင်ရာ အကောင်းဆုံး features တွေကို ပေါင်းစည်းထားတာပါ။ Pixel Watch နာရီသစ်ဟာ စက်ဝိုင်းပုံ OLED Display နဲ့ ထွက်ထားပြီး အစင်းခြစ်ဒဏ်ခံနိုင်မယ့် Corning Gorilla Glass 5 မှန်နဲ့ ကာကွယ်ထားပါတယ်။ ကျန်းမာရေးဆိုင်ရာ Features တွေ အများကြီး ပါဝင်လာသလို WearOS 3.5 စနစ်နဲ့ သုံးထားပါတယ်။
Photo: XDA-Developers
သဘာဝပတ်ဝန်းကျင်အတွက် အထောက်အပံ့ဖြစ်စေဖို့ Recycled Stainless Steel သုံးပြီး ထုတ်လုပ်ထားသလို နာရီလက်ပတ်ကြိုးတွေလည်း စိတ်ကြိုက် လဲနိုင်အောင် ထုတ်ပေးထားတယ်လို့ ဆိုပါတယ်။ Fitness ပိုင်းအတွက် နာရီပတ်သူရဲ့ အိပ်စက်မှု ၊ နှလုံးခုန်နှုန်းနဲ့ Workout လုပ်ဆောင်ချက်တွေကို ခြေရာခံနိုင်မယ့် Fitbit ရဲ့ နည်းပညာကို ထည့်ပေးထားပါတယ်။ Google ဟာ ပြီးခဲ့တဲ့နှစ်ကပဲ Fitness Startup တစ်ခုဖြစ်တဲ့ Fitbit ကို ဒေါ်လာ ၂.၁ ဘီလျံ ပေးဝယ်ထားတာပါ။
Pixel Watch နာရီဟာ ဒီနှစ်ထွက် ပရီမီယံအကျဆုံး စမတ်နာရီတွေထက် သိသိသာသာ ပိုသေးမှာပါ။ နာရီအထူ ၁၂.၃ မီလီမီတာ ပါးပြီး ၄၁ မီလီမီတာဆိုဒ် ရှိပါတယ်။ ကြိုးမပါဘဲ နာရီအိုးအလေးချိန်ဟာ ၃၂ ဂရမ်ပဲ ရှိမယ်လို့ ဆိုပါတယ်။ နာရီအတွင်းမှာ ၁ စက္ကန့်တိုင်း နှလုံးခုန်နှုန်းကို တစ်ခါနှလုံးခုန်တိုင်းတာမှု လုပ်နိုင်စွမ်း ရှိသလို ၊ အိပ်စက်မှုခြေရာခံစနစ် ၊ သွေးတွင်းအောက်ဆီဂျင်တိုင်းတာရေး SpO2 နည်းပညာနဲ့ လျှပ်စစ်နှလုံးခုန်ဖတ်စနစ် ECG စနစ်တို့ ပါဝင်ပါတယ်။
အာရုံခံ Sensor တွေကို အလယ်ထဲမှာ အလျားလိုက် စီစဉ်ထားပြီး Semi-Circles နှစ်ခုနဲ့ ဝန်းရံထားပါတယ်။ Google ရဲ့ အဆိုအရ ဒါဟာ Fitbit ရဲ့ အတိကျဆုံး နှလုံးခုန်ထောက်လှမ်းရေးစနစ်လို့ ပြောပါတယ်။ ဒီနာရီကို Samsung Galaxy Watch 3 မှာ သုံးထားတဲ့ Exynos 9110 Chipset နဲ့ မောင်းနှင်ထားပြီး ဘက်ထရီသက်တမ်း ပိုကောင်းမွန်စေဖို့ Cortex M33 processor တစ်ခု အပိုထည့်သွင်းလာပါတယ်။
Google Pixel Watch နာရီဟာ RAM 2GB/32GB Storage နဲ့ လာပြီး ကွန်ရက်ချိတ်ဆက်မှုအနေနဲ့ Bluetooth 5.0 ၊ LTE ၊ WiFi နဲ့ Contactless Payment ငွေပေးချေမှုလုပ်နိုင်ဖို့အတွက် NFC တစ်ခု ထည့်သွင်းထားပါတယ်။ တခြားတိုင်းတာရေးစနစ်အနေနဲ့ သံလိုက်အိမ်မြောင်တစ်ခု ၊ GPS တည်နေရာပြစနစ်တစ်ခု ၊ အရှိန်တိုင်းနည်းပညာနဲ့ Gyroscope လိုမျိုး လှုပ်ရှားမှုပြ Sensor တွေ ပါရှိပါတယ်။ ဒီ sensor တွေအပြင် Google Assistant နဲ့ ခေါ်ဆိုမှုတွေအတွက် Built-In မိုက်ခရိုဖုန်းနဲ့ စပီကာတစ်ခုတို့ ပါရှိမှာ ဖြစ်ပါတယ်။
Photo: GSMAren
5 ATM ရေစိုခံမှုပါရှိတဲ့ နာရီဖြစ်တာကြောင့် Google Pixel Watch ဟာ ရေအနက် မီတာ ၅၀ နဲ့ ညီမျှတဲ့ ဖိအားဒဏ်ကို ခံနိုင်ရည် ရှိပါတယ်။ ဘက်ထရီပါဝါ 294mAh ကို သုံးထားပြီး ၂၄ နာရီ အသုံးပြုနိုင်မယ့် ဘက်ထရီဖြစ်တယ်လို့လည်း ဆိုပါတယ်။ Pixel Watch နာရီကို GPS + Bluetooth - Only မော်ဒယ်အတွက် ၃၄၉ ဒေါ်လာ (မြန်မာငွေ ၈ သိန်းခွဲကျော်) ဈေးကနေ စတင်ရောင်းချသွားမှာ ဖြစ်ပြီး LTE ဗားရှင်းကိုတော့ ၃၉၉ ဒေါ်လာ (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) ဈေး သတ်မှတ်ထားပါတယ်။