အဆိုးဆုံး ရက်သတ္တပတ်နဲ့ ကြုံလိုက်တဲ့ Tesla

ရှယ်ယာအမြောက်အများ ထုတ်ရောင်းလိုက်တဲ့ အီလွန်မတ်ကြောင့် ဒီတစ်ပတ်ထဲမှာ Tesla ကုမ္ပဏီဟာ ရှယ်ယာဈေး ၁၅.၄% ကျဆင်းမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ 


Tesla သူဌေး အီလွန်မတ်စ် တစ်ပတ်အတွင်း ဒေါ်လာ ၅ ဘီလျံကျော်တန် ရှယ်ယာတွေ ထုတ်ရောင်းပြီးနောက် ကုမ္ပဏီဟာ ပြီးခဲ့တဲ့လပေါင်း ၂၀ အတွင်း အဆုံးဆုံးရက်သတ္တပတ်နဲ့ ကြုံခဲ့ရတာ ဖြစ်တယ်လို့ CNBC က ဖော်ပြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ကြောင့် ဈေးကွက်အကျဘက်ကြုံခဲ့ရတဲ့ ၂၀၂၀ မတ်လနဲ့ ဖေဖော်ဝါရီလရလဒ်တွေကလွဲရင် ဒီတစ်ပတ်ဟာ ရှယ်ယာဈေး အဆိုးဆုံးအထိ ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ 




Photo: BBC


ဒီတစ်ပတ် သောကြာနေ့မှာ Tesla ဟာ ၂.၈% အကျနဲ့ ဈေးကွက်ပိတ်ခဲ့ပါတယ်။ Tesla မှာ လက်ရှိ အစုရှယ်ယာ ၁၆၇ သန်းဝန်းကျင် ကိုင်ထားတဲ့ အီလွန်မတ်စ်ဟာ တစ်ပတ်အတွင်း ဒေါ်လာ ၅.၇ ဘီလျံတန် စတော့ခ်တွေ ရောင်းချခဲ့တာပါ။ စတော့ခ်ရောင်းရတဲ့ အကြောင်းရင်းတွေထဲမှာ သတ်မှတ်ရက် နဲ့ သတ်မှတ်ဈေးအတွင်း စတော့ခ်တွေ ထုတ်ရောင်းဖို့ လုပ်ထုံးနဲ့ ဆက်စပ်ပြီး အခွန်ထမ်းနိုင်အောင် ရောင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ 


၂၀၁၂ မှာ အီလွန်မတ်စ်ဟာ Tesla အစုရှယ်ယာ ၂၂.၈ သန်းကို တစ်စု ၆.၂၄ ဒေါ်လာနဲ့ ဝယ်ခွင့်ရခဲ့ပါတယ်။ ဒီဝယ်ထားတဲ့ ရှယ်ယာတွေဟာ နောက်နှစ် သက်တမ်းကုန်မှာ ဖြစ်လို့ သက်တမ်းမကုန်ခင် ထုတ်ရောင်းဖို့ ဖြစ်လာတာပါ။ Tesla ရှယ်ယာတစ်စုကို ၁၀၄၇ ဒေါ်လာနှုန်းနဲ့ ရောင်းလိုက်တာ ဖြစ်လို့ မတ်စ်အတွက် အမြတ်အစွန်း အမြောက်အများရခဲ့ပါတယ်။ တစ်ဖက်မှာလည်း ၂၀၁၂ နဲ့ ၂၀၂၁ ခုနှစ်စတော့ခ်ဈေး ခြားနားချက်ပေါ်လိုက်ပြီး အခွန်ကို ၅၀% ကျော် ပေးဆောင်ရမှာ ဖြစ်လို့ အကြမ်းဖျင်းဒေါ်လာ ၁၅ ဘီလျံလောက်အထိ ဆောင်ရဖို့ ရှိတယ်လို့လည်း CNBC သတင်းက ဖော်ပြပါတယ်။ 


စတော့ခ်ရှယ်ယာရောင်းမယ့်အစီအစဉ် မလုပ်ခင်မှာ မတ်စ်ဟာ သူ့ရဲ့ Twitter Follower ၆၂.၅ သန်းကို သူ့ပိုင် Tesla ရှယ်ယာ ၁၀% ရောင်းသင့်/မရောင်းသင့် ဆန္ဒမဲကောက်ခဲ့ပြီး ရောင်းဖို့ ထောက်ခံတဲ့ဘက်က မဲများခဲ့တာပါ။ Twitter Poll ရလဒ်ထွက်လာချိန်မှာ သူ့ပိုင် Tesla အစုရှယ်ယာတွေ ရောင်းမယ်လို့ မတ်စ်က အတည်ပြုခဲ့ပါတယ်။ ဒီနောက်မှာ အစုရှယ်ယာ ၉ သိန်း ၃ သောင်းကျော်ကို ဒေါ်လာ ၁.၁ ဘီလျံကျော်ဈေးနဲ့စတင် ထုတ်ရောင်းခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ အစုရှယ်ယာ ၃.၅ သန်းကို ဒေါ်လာ ၃.၉ ဘီလျံနဲ့ ပြန်ရောင်းထုတ်ခဲ့ပြီး ကြာသာပတေးနေ့မှာ အစုရှယ်ယာ ၆၃၉၇၃၇ စု ကို ဒေါ်လာ ၆၈၇ သန်းနဲ့ ပြန်ရောင်းထုတ်ခဲ့ပါတယ်။ 

Photo: CNBC

ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ အီလွန်မတ်စ်ဟာ သူ့ပိုင် Tesla ရှယ်ယာ ၅.၁ သန်း ခန့် ရောင်းချခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ စုစုပေါင်း Tesla ရှယ်ယာဝေစုထဲက ၃% ကျော်ကို ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အစုရှယ်ယာ ၁၆၇ သန်း ခန့် ပိုင်ဆိုင်ထားတာ ဖြစ်လို့ ကုမ္ပဏီရှယ်ယာစုစုပေါင်းရဲ့ ၂၀% ဝန်းကျင်ပိုင်ထားတယ်လို့ ဆိုရမှာပါ။ အီလွန်မတ်စ်ရဲ့ တစ်ဝမ်းကွဲညီအပါအဝင် Tesla ကုမ္ပဏီရဲ့ တခြားဘုတ်အဖွဲ့ဝင်တွေကလည်း ဒေါ်လာသန်းရာပေါင်းများစွာတန်တဲ့ သူတို့ပိုင်ရှယ်ယာတွေ ထုတ်ရောင်းခဲ့တာကြောင့်လည်း Tesla ရှယ်ယာဈေး အဆိုးဆုံးအထိ ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။ 

Share

က္က