ဒီဇင်ဘာ ၁၄ မှ လေလံပိတ်မှာလည်းဖြစ်ပါတယ်။

ကာတာကမ္ဘာ့ဖလားမှာ အာဂျင်တီးနားတိုက်စစ်မှူးနဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ ဝတ်ဆင်ကစားခဲ့တဲ့ ဂျာစီ ၆ ထည်ကို လေလံတင်ရောင်းချမှုတွေ စတင်နေပြီဖြစ်ပြီး အခုဆိုရင် အမြင့်ဆုံးပေးထားတဲ့ စျေးက ဒေါ်လာ ၅.၂ သန်းအထိ ရှိလာပါပြီ။ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ လေလံကို ပိတ်သိမ်းမှာဖြစ်လို့ ကျန် ၁၄ ရက်အတွင်းမှာ ဘယ်လောက်အထိ စျေးတိုးပေးကြမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ လက်ရှိစျေးထက်ကို ပိုများလာမှာကတော့ သေချာပေါက်ပါပဲ။ ဘယ်လောက်အထိ ဖြစ်မလဲဆိုတာ အားလုံးက သိချင်နေကြပါတယ်။ 

ဒီဂျာစီရောင်းချရငွေတွေကို လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ပြန်လည်သုံးစွဲမှာပါ။ ပေါင် ၆ သန်းအထိ ရဖို့ မျှော်လင့်ထားကြပြီး လက်ရှိအနေအထားဆိုရင်တော့ ပေါင် ၆ သန်းထက်တောင် ကျော်မှာ သေချာပါတယ်။ တချို့ကတော့ ဒေါ်လာ ၁၀ သန်းကျော်အထိတောင် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။  ပွဲစဉ် ၆ ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ဂျာစီတွေဖြစ်ပြီး ဘယ်ပွဲမှာ ဝတ်ဆင်ခဲ့တာလဲ၊ ကစားတဲ့နေ့ရက်တွေကိုကအစ ဖော်ပြထားတာကိုလည်း တွေ့ရမှာပါ။ 

ဘောလုံးသမိုင်းမှာ လေလံစျေးအမြင့်ဆုံးနဲ့ ရောင်းချခဲ့ရတဲ့ ဂျာစီကတော့ မာရာဒိုနာရဲ့ ဂျာစီပါ။ အင်္ဂလန်နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဘုရားပေးသောလက်ဆိုတဲ့ နာမည်နဲ့ ကျော်ကြားခဲ့တဲ့ ဂိုးကို သူကသွင်းယူခဲ့ပြီး အဲဒီပွဲမှာ ဝတ်ဆင်ခဲ့တဲ့ အာဂျင်တီးနားဂျာစီကို ဒေါ်လာ ၈.၉၅ သန်းနဲ့ ရောင်းချနိုင်ခဲ့တာပါ။ ၂၀၂၂ မှာ လေလံတင်ရောင်းချခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ စျေးအကြီးဆုံးဖြစ်နေပါတယ်။ မက်ဆီရဲ့ ဂျာစီတွေအနေနဲ့ အဆိုပါစံချိန်ကိုကျော်ဖြတ်နိုင်ဖို့တော့ ခက်ခဲနေဦးမှာပါ။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ဂျာစီကို ပိုင်ဆိုင်မယ့်သူကို မက်ဆီက တွေ့ဆုံမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ဒါပေမယ့် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေကရော၊ မက်ဆီကိုယ်တိုင်ပါ ဒါနဲ့ ပတ်သက်ပြီး ပြောဆိုထားခြင်းမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းဝင်ဂျာစီတွေကို ပိုင်ဆိုင်ရမှာဖြစ်ပြီး ရရှိမယ့်သူအတွက်ကတော့ တကယ်ကို ဂုဏ်ယူစရာကောင်းနေမှာ သေချာပါတယ်။

Share

Loading Next Article...
က္က