ခေါက်သိမ်းနိုင်စမတ်ဖုန်းဈေးကွက်ကို ကြီးစိုးနေတဲ့ Samsung ဟာ ဈေးနှုန်းပိုသက်သာတဲ့ Foldable ဖုန်း ထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
Samsung ဟာ စတုတ္ထမျိုးဆက် Foldable ဖုန်းတွေ ထုတ်လုပ်ဖို့ ပြင်နေပြီး လက်ရှိအချိန်အထိ Samsung ထုတ် Foldable ဖုန်းတွေဟာ ဒေါ်လာ ၁၀၀၀ နဲ့အထက် ဈေးနဲ့ ထွက်ထားတာ ဖြစ်ပါတယ်။ ဈေးအသက်သာဆုံးလို့ ပြောနိုင်တဲ့ Galaxy Z Flip 3 ဟာ ၉၉၉ ဒေါ်လာဈေးကနေ စတင်ပါတယ်။ တောင်ကိုရီးယား ETNews သတင်းအရ Samsung ဟာ ပိုပြီး ဈေးနှုန်းသင့်တင့်တဲ့ Foldable ဖုန်း ထုတ်လုပ်နေပြီလို့ သိရပါတယ်။
ဒီသတင်းအရဆို Samsung ဟာ လက်ရှိ Galaxy Foldable Lineup ထက် ဈေးပိုသက်သာတဲ့ Galaxy Z Flip နဲ့ Galaxy Z Fold ထုတ်ကုန်တွေ ထုတ်လုပ်နေပြီး ဈေးနှုန်းအနေနဲ့ ဝမ် ၁ သန်းအောက် (မြန်မာငွေ ၁၅ သိန်းဝန်းကျင်တန်) ပဲ ကျသင့်မယ်လို့ ဆိုပါတယ်။ ဒီဈေးနှုန်းဟာ Galaxy ခေါက်သိမ်းနိုင်ထုတ်ကုန်မော်ဒယ်နှစ်မျိုးလုံးအတွက်လား ၊ Galaxy Flip ထုတ်ကုန်အတွက်လားဆိုတာတော့ မသိရသေးပါဘူး။
လက်ရှိ ဈေးအသက်သာဆုံး Galaxy Z Flip 3 ဟာ ကိုရီးယားဈေးကွက်မှာ ဝမ် ၁.၂၅ သန်း (မြန်မာငွေ ၁၈ သိန်းဝန်းကျင်) ဈေးနဲ့ ဖြန့်ချိထားပါတယ်။ ETNews အရဆို ဈေးပိုသက်သာတဲ့ Foldable ထုတ်ကုန်မော်ဒယ်တွေဟာ Galaxy A ထုတ်ကုန်တွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး ဈေးလျော့မှာ ဖြစ်လို့ Premium Features တွေ ပါဖို့ မရှိဘူးလို့လည်း ဆိုပါတယ်။ ဈေးလျှော့ပေးနိုင်ဖို့ ဘယ်လို Features တွေကို ဖယ်ရှားသွားမလဲဆိုတာတော့ ပြောမထားပါဘူး။
ဈေးပိုသက်သာတဲ့ Galaxy Foldable ထုတ်ကုန်တွေဟာ အလတ်တန်းစား MId-Range Processor တစ်ခုနဲ့လာပြီး RAM//Storage နည်းသလို ကင်မရာနဲ့ Screen နည်းပညာပိုင်းလည်း အရင်မျိုးဆက်ကို သုံးလာနိုင်ပါတယ်။ Samsung ရဲ့ ဒေါ်လာ ၈၀၀ အောက်တန် Galaxy Foldable ထုတ်ကုန်တွေကို ၂၀၂၄ ခုနှစ်မှာ မိတ်ဆက်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။