တန်ဖိုးသင့်စမတ်ဖုန်းတွေ ပစ်မှတ်ထားထုတ်လုပ်တဲ့ Realme ဟာ High-End ဖုန်းဈေးကွက်ထဲ ဝင်ရောက်ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။
ကုမ္ပဏီရဲ့ တည်ထောင်သူနဲ့ CEO စကိုင်းလီက သူ့ရဲ့ Twitter မှာ ဒေါ်လာ ၈၀၀ ကျော်တန် တန်ဖိုးမြင့်ဖုန်းတွေ ထုတ်လုပ်သွားမယ်လို့ ကြေညာလိုက်တာပါ။ Premium စမတ်ဖုန်းဈေးကွက်မှာ ကြီးစိုးထားတဲ့ Apple နဲ့ Samsung ဖုန်းတွေကို ယှဉ်ပြိုင်ဖို့အတွက် Realme က ဦးတည်လာတာ ဖြစ်ပါတယ်။ Realme ရဲ့ အမျိုး brands တွေလို့ ခေါ်ရမယ့် BBK Electronics ပိုင် OPPO ၊ Vivo နဲ့ OnePlus တို့လည်း High-End ဈေးကွက်မှာ ဝင်ရောက်နေပါတယ်။
Photo: timesnownews
လောလောဆယ် BBK Electronics ပိုင် Brands တွေရဲ့ High-End ဖုန်းတွေဟာ တန်ဖိုးကြီးဖုန်းဈေးကွက်မှာ သိပ်ပြီး နေရာယူနိုင်ခြင်း မရှိသေးပါဘူး။ စကိုင်းလီရဲ့ Tweet မှာ Realme ဟာ High-end ဈေးကွက်မှာ ဝင်ရောက်ဖို့ ပြင်နေပေမယ့် အသေးစိတ် အချက်အလက် ဖော်ပြခြင်းတော့ မရှိသေးပါဘူး။ ဒေါ်လာ ၈၀၀ ကျော်တန် Realme High-End ဖုန်းသစ်အကြောင်း သတင်းတွေလည်း လောလောဆယ် ထွက်မလာသေးပါဘူး။
Realme ဟာ ၂၀၁၈ မေလထဲမှာ စမတ်ဖုန်းဈေးကွက်ထဲ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းက OPPO လက်အောက်ခံ Brand အဖြစ် ဈေးကွက်ထဲ ဝင်ရောက်လာရာကနေ Realme 1 မော်ဒယ်နဲ့ သီးသန့် ခွဲထွက်လာနိုင်ခဲ့ပါတယ်။ လွတ်လပ်တဲ့ Brand အဖြစ် ထွက်လာပြီးနောက် Realme ဟာ အချိန်တိုအတွင်း လူသိများတဲ့ Brand အဖြစ်ကို ရောက်လာခဲ့ပါတယ်။
ဈေးကွက်ထဲ ရောက်ပြီး ၃ နှစ်ကျော်အတွင်းမှာ Realme ဟာ စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ အထိ တင်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ CounterPoint ဈေးကွက်လေ့လာရေးကုမ္ပဏီရဲ့ လေ့လာချက်အရ ၂၀၂၁ ဒုတိယသုံးလပတ်အတွင်း Realme ဟာ နှစ်အလိုက် ဖွံ့ဖြိုးမှု ၁၃၅% အထိ တက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Realme ဟာ အိန္ဒိယရဲ့ ထိပ်တန်း စမတ်ဖုန်း Brand ၅ ခုမှာ စတုတ္ထနေရာက ရပ်တည်ထားပါတယ်။