ဗဟိုဘဏ်ကနေ အမေရိကန် ဒေါ်လာဈေးကိုတည်ငြိမ်အောင်ထိန်းဖို့အတွက် ဖေဖော်ဝါရီလ ကတည်းက ယနေ့အထိ ဒေါ်လာသန်းပေါင်းရာနဲ့ချီ ထုတ်ရောင်းတာတွေ ၊ ရောင်းချခြင်းလဲလှယ်ခြင်းကို သတ်မှတ်ဘောင်ထဲကလုပ်ဖို့ ထိန်းချုပ်နေပေမယ့် ပြင်ပဈေးကွက်မှာတော့ တစ်ဒေါ်လာကို ၁၉၀၀ ကျပ်အထိ ရှိနေဆဲဖြစ်ပါတယ်။
ဗဟိုဘဏ်ဟာ ယခုလ ဒီဇင်ဘာလ ၁၅ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၁၅ သန်းကို ဈေးပြိုင်လေလံနဲ့ ပျမ်းမျှငွေလဲလှယ်နှုန်း မြန်မာငွေ ၁,၇၈၀ ကျပ် သတ်မှတ်ပြီး ထပ်မံ ထုတ်ရောင်းခဲ့ပါတယ်။ ယခုအကြိမ်နဲ့ဆိုရင် ဒေါ်လာရောင်းချမှုက ဒီဇင်ဘာလတစ်လတည်းမှာတင် ဒေါ်လာ ၄၃ သန်းအထိ ရှိနေပါပြီ။
ဒါပေမယ့် လက်ရှိပြင်ပ ဒေါ်လာဈေးကွက်မှာက ကြိုက်ရောင်းကြိုက်ဝယ် အခြေအနေသာဖြစ်နေပြီး တစ်ဒေါ်လာကို ၁၈၁၅ ကျပ်ကနေ ၁၉၀၀ ကျပ်အထိ ဈေးပေါက်နေတယ်လို့်သိရပါတယ်။
" ရောင်းတဲ့သူက ပမာဏများရင်များသလို၊ အရွက်သန့်ရင်သန့်သလို ဈေးခေါ်ရောင်းနေကြတယ်။ အဆင်ပြေလို့ ကြိုက်ရင်ဝယ်ပေါ့။ ငွေသားချေရင် ဈေးလျှော့ပေးတာရှိတယ်။ ဘဏ်စနစ်နဲ့ဝယ်ရင် ဈေးကပိုပေးရတာမျိုးလည်းရှိတယ်။ဘဏ်တွေရောင်းဈေးက ဝယ်လို့ကိုမရပါဘူး။ ဘယ်သူမှမရောင်းဘူး။ အဲဒီတော့ အခုက ကြိုက်ရောင်း ကြိုက်ဝယ်ပဲ " လို့ ဒေါ်လာဝယ်ရောင်းလုပ်သူတစ်ဦးကပြောပါတယ်။
ဒီနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဗဟိုဘဏ်ရဲ့ ငွေလဲလှယ်နူန်းက အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို မြန်မာငွေ ၁၇၈၀ ကျပ်ဖြစ်ပြီး၊ ပြင်ပမှာ ဒေါ်လာ ရောင်းဝယ်လုပ်ကိုင်မယ်ဆိုရင် ဗဟိုဘဏ်ရဲ့ငွေလဲနူန်း ထက် o.၅ % အတိုးအလျှော့ ဘောင်အတွင်းကနေသာ သတ်မှတ် ဆောင်ရွက်ရမယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမယ့် တကယ့်ပြင်ပဈေးကွက်မှာတော့ ဗဟိုဘဏ်သတ်မှတ်ဘောင်အတွင်းက ရောင်းချလို့မရဘဲ အမေရိကန်တစ်ဒေါ်လာကို ၁၉၀၀ ကျပ်အထိ ဈေးရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။
" သူတို့ရောင်းဝယ်ခိုင်းတဲ့သတ်မှတ်ချက်က ကိုယ်ဝယ်တော့လည်း မရဘူး။ အဲဒါကို ဘယ်လိုပြန်ရောင်းရမလဲ။ ဒီတော့ ကိုယ်ဝယ်ရတဲ့ဈေးအပေါ် မူတည်ပြီးပဲ ဝယ်ရောင်းက လုပ်နေရတာ။ ဒေါ်လာသိမ်းထားတဲ့သူတွေကလည် းထုတ်ရောင်းလာတာရှိပေမယ့် ဈေးစခေါ်ကတည်းက အနည်းဆုံး ၁၈၀၀ အထက်မှာရှိတယ်" လို့ ဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
ဗဟိုဘဏ်ကတော့ သူတို့ သတ်မှတ်ချက်ကို မလိုက်နာပါရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းတို့အရ အရေးယူမှာဖြစ်တယ်လို့ ဗဟိုဘဏ်က အသိပေးထားပါတယ် ။
ဒီနေ့ ဘဏ်တွေရဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းအနေနဲ့ ရောင်းဈေးက ၁၇၈၈ ကျပ်ရှိပြီး ဝယ်ဈေးက ၁၇၈၃ ကျပ်ရှိတယ်လို့ သိရပါတယ်။
ဗဟိုဘဏ်ကတော့ဒေါ်လာ ဈေးတည်ငြိမ်အောင်ထိန်းဖို့အတွက် နယ်စပ်ကုန်သွယ်ရေးမှာ ကျပ် ယွမ်အသုံးပြုမှုကိုပါခွင့်ပြုပေးပြီး ဒေါ်လာသုံးစွဲမှုလျှော့ချဖို့ နည်းလမ်းတွေကို ဆက်တိုက်လုပ်ဆောင်လာပါတယ်။
ဓာတ်ပုံ - Egypt Today
Share