အမေရိကန်နိုင်ငံ လက်စ်ဗီးဂက်စ်မြို့ရှိ ဟိုတယ်တစ်ခုမှာ ဆယ်စုနှစ် နှစ်ခုကြာ ခင်းကျင်းပြသထားခဲ့တဲ့ ပန်းချီဆရာ ပက်ဘလိုပီကာဆိုရဲ့ အနုပညာလက်ရာ ၁၁ ခုကို လေလံတင်ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ သန်း ၁၁၀ နီးပါး ရရှိခဲ့ပါတယ်။
(ဂန္တဝင်ပန်းချီဆရာ ပီကာဆို) (Photo: IDN Times)
ဂန္တဝင်ပန်းချီဆရာတစ်ဦးဖြစ်သူ ပီကာဆိုရဲ့ အဆိုပါ အနုပညာလက်ရာတွေကို MGM Resorts က ပိုင်ဆိုင်ခြင်းဖြစ်ပြီး Bellagio ဟိုတယ်ရှိ Picasso Restaurant စားသောက်ဆိုင်မှာ ခင်းကျင်းပြသထားခဲ့တာ ဖြစ်ပါတယ်။ စနေနေ့ (အောက်တိုဘာ ၂၃ ရက်) က လေလံတင်ရောင်းချခဲ့ခြင်းဟာ ပီကာဆိုရဲ့ အနုပညာလက်ရာကောင်းတွေကို စုဆောင်းသိမ်းဆည်းမှုအပေါ် အားပေးကူညီမှုဖြစ်မယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
၁၉၇၃ ခုနှစ်မှာ ကွယ်လွန်ခဲ့သူ စပိန်ပန်းချီဆရာ ပီကာဆိုရဲ့ ပန်းချီကား ၉ ချပ်နဲ့ ကြွေထည်မြေထည် ၂ ခုကို MGM Resorts က လေလံတင်ခဲ့တာ ဖြစ်ပါတယ်။ ထိုပစ္စည်းတွေဟာ ပီကာဆိုရဲ့ နှစ်ပေါင်း ၅၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ အနုပညာလက်ရာ ဖန်တီးမှုတွေလို့ ဆိုပါတယ်။
(Woman in a Red-Orange Beret ပန်းချီကား) (Photo: Sotheby's / MGM Resorts)
လေလံတင်ခဲ့တဲ့ အနုပညာလက်ရာတွေအနက် ၁၉၃၈ ခုနှစ်မှာ ပီကာဆိုက ၎င်းရဲ့ချစ်သူ Marie-Thérèse Walter ကို စိတ်ကူးရေးဆွဲခဲ့တဲ့ Woman in a Red-Orange Beret ပန်းချီကားက ဒေါ်လာ သန်း ၄၀ ဖြင့် အမြင့်ဆုံး လေလံဈေးနှုန်း ရရှိခဲ့ပါတယ်။ ထိုပန်းချီကားကို မူလက ဒေါ်လာ သန်း ၂၀ နဲ့ ၃၀ ကြား လေလံဈေးနှုန်းဖြင့် ရောင်းချနိုင်မယ်လို့ မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်။
ပီကာဆိုရဲ့ နောက်ထပ် ဂန္တဝင်လက်ရာဖြစ်တဲ့ Homme et Enfant (Man and Child) ပန်းချီကားကိုတော့ ဒေါ်လာ ၂၄.၄ သန်းဖြင့် လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။ ထိုပန်းချီကားဟာ အမြင့် ၆.၅ ပေရှိ အရွယ်အစားကြီးမား ပန်းချီကားတစ်ချပ်ဖြစ်ပြီး ပီကာဆိုက ၁၉၅၉ ခုနှစ်မှာ ရေးဆွဲခဲ့ကြောင်း သိရပါတယ်။
(Photo: Sotheby's / MGM Resorts)
လေလံတင်ခဲ့တဲ့ အနုပညာလက်ရာတွေအနက် ၁၉၄၂ ခုနှစ်က ပါရီမြို့ကို နာဇီတို့ သိမ်းပိုက်ခဲ့စဥ်အတွင်း ပီကာဆို ရေးဆွဲခဲ့တဲ့ Nature Morte au Panier de Fruits et aux Fleurs (Still life with fruit basket and flowers) ပန်းချီကားလည်းပါဝင်ခဲ့ပြီး ဒေါ်လာ ၁၆.၆ သန်းဖြင့် ရောင်းချခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။
ပီကာဆိုရဲ့ အနုပညာလက်ရာတွေကို ဝယ်ယူသွားသူတွေရဲ့ အမည်တွေကိုတော့ ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။ ပီကာဆိုရဲ့ ယခု အနုပညာလက်ရာတွေကို Bellagio ဟိုတယ် ပိုင်ရှင်ဟောင်း အမေရိကန် ကာစီနိုလုပ်ငန်းရှင်ကြီး Steve Wynn က လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်မှာ စတင်စုဆောင်းခဲ့တာ ဖြစ်ပါတယ်။
(Nature Morte au Panier de Fruits et aux Fleurs ပန်းချီကား) (Photo: Sotheby's / MGM Resorts)
ပီကာဆိုရဲ့ ပန်ချီကားတွေအနက် ၂၀၁၅ ခုနှစ်မှာ ရောင်းချခဲ့တဲ့ Women of Algiers အမည်ရှိ ပန်းချီကားဟာ ဒေါ်လာ ၁၇၉.၄ သန်းအထိ စံချိန်တင် အမြင့်ဆုံးဈေးနှုန်းရရှိခဲ့ပါတယ်။
လေလံဈေးနှုန်း အမြင့်ဆုံးရရှိခဲ့တဲ့ ပီကာဆိုရဲ့ ပန်းချီကားများ
- The Women of Algiers - ဒေါ်လာ ၁၇၉.၄ သန်း (၂၀၁၅ ခုနှစ်မှာ ရောင်းချခဲ့)
- Young Girl with a Flower Basket - ဒေါ်လာ ၁၁၅ သန်း (၂၀၁၈ ခုနှစ်မှာ ရောင်းချခဲ့)
- Nude, Green Leaves and Bust - ဒေါ်လာ ၁၀၆.၅ သန်း (၂၀၁၀ ခုနှစ်မှာ ရောင်းချခဲ့)
- Boy with a Pipe - ဒေါ်လာ ၁၀၄ သန်း (၂၀၀၄ ခုနှစ်မှာ ရောင်းချခဲ့)
- Woman Sitting Near a Window (Marie-Therese) - ဒေါ်လာ ၁၀၃.၄ သန်း (၂၀၂၁ ခုနှစ်မှာ ရောင်းချခဲ့)