အီလွန်မတ်စ်ရဲ့ ကြွယ်ဝမှုက ဒုံးကျည်တပ်ထားသလို အမြင့်ပဲ ထိုးတက်နေပါတယ်

       ကမ္ဘာကျော်နည်းပညာဘီလျံနာ အီလွန်မတ်စ်တည်ထောင်ထားတဲ့ အာကာသနည်းပညာကုမ္ပဏီ SpaceX ဟာ ကမ္ဘာ့ဒုတိယမြောက်တန်ဖိုးအမြင့်ဆုံး ပုဂ္ဂလိကကုမ္ပဏီဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

           အခုတစ်ပတ်အစောပိုင်းမှာ ရင်းနှီးမြှပ်နှံသူတွေ စတော့ခ်ရှယ်ယာဝယ်သွားပြီးတဲ့နောက်မှာ SpaceX ဟာ အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ကျော် တန်တဲ့ လုပ်ငန်းတစ်ခု ဖြစ်လာခဲ့တာပါ။ Gizchina သတင်းမှာ ဖော်ပြချက်အရ SpaceX ဟာ ကုမ္ပဏီရဲ့ ရင်းနှီးမြှပ်နှံသူတွေနဲ့ ရှယ်ယာတစ်စုကို ဒေါ်လာ ၅၆၀ နှုန်းနဲ့ စတော့တွေ ရောင်းထုတ်ဖို့ သဘောတူညီချက်ရခဲ့တယ်လို့ ဆိုပါတယ်။ စုစုပေါင်း ဒေါ်လာ ၇၅၅ သန်းဖိုးအထိ ရောင်းဖို့ ဖြစ်ပါတယ်။




Photo: Gizchina


           စတော့ခ်ရှယ်ယာတွေ ရောင်းချပြီးတဲ့နောက် SpaceX ကုမ္ပဏီရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၀၀.၃ ဘီလျံတန်တဲ့ လုပ်ငန်းဖြစ်လာပါတယ်။ ဒေါ်လာ ၁ ဘီလျံတန်တဲ့ Startup ကို Unicorn ၊ ဒေါ်လာ ၁၀ ဘီလျံတန် Startup ကို Decacorn နဲ့ ဘီလျံ ၁၀၀ တန်ရင် Centicorn လို့ ခေါ်လေ့ရှိတာကြောင့် SpaceX ဟာ Centicorn စာရင်းဝင်လာတာပါ။ CNBC သတင်းအရ ၂၀၂၁ ဖေဖော်ဝါရီမှာ SpaceX ရှယ်ယာတစ်စုကို ၄၁၉.၉၉ ဒေါ်လာဈေးနဲ့ ရောင်းချစဉ်က ကုမ္ပဏီတန်ဖိုးဟာ ဒေါ်လာ ၇၄ ဘီလျံ ရှိခဲ့ရာကနေ အခုတစ်‌ခေါက် ရှယ်ယာရောင်းချိန်မှာ ဖေဖော်ဝါရီလကထက် ရှယ်ယာ ၃၃% အထိ တိုးလာခဲ့တာ ဖြစ်ပါတယ်။

           ဒေါ်လာဘီလျံ ၁၀၀ ကျော်တန်တဲ့ ကုမ္ပဏီတစ်ခုဖြစ်လာတာကြောင့် SpaceX ဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် တန်ဖိုးအမြင့်ဆုံးပုဂ္ဂလိကကုမ္ပဏီဖြစ်လာခဲ့တယ်လို့လည်း ဆိုပါတယ်။ Space X ရှေ့မှာ TikTok ရဲ့ မိခင်ကုမ္ပဏီ Bytedance ဟာ ဒေါ်လာဘီလျံ ၁၄၀ တန် လုပ်ငန်းအဖြစ် ရပ်တည်နေတာပါ။ ကယ်လီဖိုးနီးယားပြည်နယ် ဟော်သွန်းအခြေစိုက် SpaceX ကို ၂၀၀၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ နိုင်ငံတကာအာကာသယာဉ်စခန်းက အာကာသယာဉ်မှူးတွေ ပို့ဆောင်ရေးနဲ့ ကမ္ဘာပတ်လမ်းအတွင်း ဂြိုလ်တုလွှင့်တင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာပါ။


Photo: Gizchina


           ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းက SpaceX ကနေ Starship နဲ့ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုပရောဂျက်အတွက် ဒေါ်လာဘီလျံနဲ့ချီတဲ့ရံပုံငွေတွေ လက်ခံခဲ့ရာကနေ ကုမ္ပဏီရဲ့တန်ဖိုး ထိုးတက်လာတာပါ။ လက်ရှိမှာ SpaceX ရဲ့ Starlink ဂြိုလ်တုတွေဟာ ကမ္ဘာပတ်လမ်းထဲ လွင့်မျောနေတဲ့ ဂြိုလ်တုပေါင်း ၁၇၀၀ ကျော် ဆီကနေ အင်တာနက်ဝန်ဆောင်မှုပေးနေပါတယ်။ ၂၀၁၉ ခုနှစ်က စပြီး လွှင့်တင်ခဲ့တဲ့ အင်တာနက်မြန်နှုန်း 175Mbps ဝန်းကျင်ရှိတဲ့ Starlink အင်တာနက်ဝန်ဆောင်မှုကို နိုင်ငံပေါင်း ၁၂ နိုင်ငံက လူ၉ သောင်းခန့်က အသုံးပြုနေပါတယ်။

           ၂၀၁၉ နဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ SpaceX ကနေ ထောင်နဲ့ချီတဲ့ ဂြိုလ်တုတွေ လွှင့်တင်နိုင်ဖို့ စီစဉ်ထားပါတယ်။ ဒီပရောဂျက်တွေအပြင် SpaceX ဟာ လကမ္ဘာနဲ့ အင်္ဂါဂြိုလ်ကို ပစ္စည်းနဲ့ လူတွေ ပို့ဆောင်ရေးပါ အာရုံစိုက်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က