ဒေါ်လာ ၈ ဘီလျံနီးပါး တရုတ်ကို လွှဲပြောင်းခဲ့တာပါ

အိန္ဒိယမှာရှိတဲ့ Vivo ရုံးနေရာပေါင်း ၄၀ ကို ရှာဖွေမှုလုပ်ပြီးနောက် အိန္ဒိယငွေကြေးခဝါချမှုတိုက်ဖျက်ရေးအာဏာပိုင်အဖွဲ့က တရားဝင်သတင်းထုတ်ပြန်မှုလုပ်ခဲ့ပါတယ်။ 

နိုင်ငံခြားငွေလဲလှယ်မှုနဲ့ ငွေကြေးခဝါချမှုပိုင်း ကိုင်တွယ်နေတဲ့ Enforcement Directorate (ED) ဌာနရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်ထဲမှာ Vivo India ကုမ္ပဏီဟာ တရုတ်ကို ရူပီး ကုဋေ ၆၂၄၇၆ ကုဋေ (ဒေါ်လာ ၈ ဘီလျံနီးပါး) လွှဲပြောင်းမှုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ စုံစမ်းစစ်ဆေးနေစဉ်အတွင်းမှာ ED ဟာ ရူပီး ၄၅၆ ကုဋေ (ဒေါ်လာ ၅၈ သန်းခန့်ရှိ) ဘဏ်အကောင့် ၁၁၉ ခုနဲ့အတူ ရွှေချောင်း ၂ ကီလိုဂရမ် ၊ Fixed Deposit အပ်ငွေ ရူပီး ၆၆ ကုဋေ (ဒေါ်လာ ၈.၃ သန်းခန့်) နဲ့ ငွေသား ရူပီး ၇၃ သိန်း (ဒေါ်လာ ၁ သိန်းအောက်) ကို သိမ်းဆည်းခဲ့တယ်လို့လည်း ပြောပါတယ်။ 





တရုတ်နိုင်ငံကို ရောက်သွားတဲ့ ငွေပမာဏဟာ Vivo India ရဲ့ ရောင်းအားအစုစုရဲ့ တစ်ဝက်ခန့် ရှိတယ်လို့လည်း ED ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခုလို လုပ်တာဟာ ဒီငွေနဲ့ အခွန်ပေးတာကို ရှောင်ရှားဖို့ နဲ့ အိန္ဒိယကော်ပိုရိတ်ကုမ္ပဏီတွေထဲ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတွေကို ဖွင့်ချဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ နာမည်ထုတ်ဖော် ထားခြင်းမရှိတဲ့ တရုတ်နိုင်ငံသားတချို့ဟာ ငွေကြေးခဝါချမှု ဒီဂျစ်တယ်အထောက်အထားတွေကို ဖယ်ရှားတာ / ဖုံးကွယ်တာတွေ လုပ်ခဲ့တယ်လို့ ED ဘက်က ထုတ်ပြောလာပြီးနောက်မှာ Vivo India ရဲ့ ညွှန်ကြားရေးမှူးတွေ ဖြစ်တဲ့ Zhengshen Qu နဲ့ Zhang Jie တို့ဟာ နိုင်ငံအတွင်းက ထွက်ပြေးသွားခဲ့တယ်လို့လည်း GSMArena သတင်းက ဖော်ပြထားပါတယ်။ 

ငွေကြေးလွှဲပြောင်းတဲ့ ကိစ္စကို Vivo India ပိုင် လက်ခွဲကုမ္ပဏီတစ်ခုအဖြစ် မှတ်ပုံတင်ထားတဲ့ ဟောင်ကောင်အခြေစိုက် အသွင်ယူကုမ္ပဏီတစ်ခုကနေ လုပ်ဆောင်ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအောက်မှာလည်း အိန္ဒိယအဓိက ဒေသကြီးတစ်ခုချင်းစီမှာ သူ့ဘာသာ လည်ပတ်နေတဲ့ လုပ်ငန်းခွဲလေးတွေလည်း ရှိသေးပြီး ဒီလုပ်ငန်းတွေကနေ ရသမျှ အမြတ်ကို Vivo India ကို ပေးပို့နေကြတယ်လို့ ဆိုပါတယ်။ 



Vivo India ကိုယ်စားလှယ်တွေကတော့ Brand အနေနဲ့ အာဏာပိုင်တွေနဲ့ အတူတူ ပူးပေါင်းဆောင်ရွက်နေကြပြီး အိန္ဒိယဥပဒေနဲ့အညီ အပြည့်အဝ လိုက်နာနေကြတယ်လို့ ပြောထားကြပါတယ်။ တရုတ်မှာရှိတဲ့ မိခင်ကုမ္ပဏီကလည်း ရှေ့ဆက် စုံစမ်းစစ်ဆေးမှုတွေဟာ အမှန်တကယ် မျှတပြီး ဘက်လိုက်ခြင်း မရှိတဲ့ စီးပွားရေးပတ်ဝန်းကျင်အတါင်းမှာပဲ လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ 

အိန္ဒိယနိုင်ငံ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးလုပ်နေတဲ့ ED ဌာနဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကလည်း Xiaomi ဖုန်းကုမ္ပဏီကို နိုင်ငံခြားငွေကြေးလဲလှယ်ရေးဥပဒေချိုးဖောက်မှုနဲ့ ကုမ္ပဏီပိုင်ငွေ ဒေါ်လာ ၇၂၅ သန်းကို သိမ်းယူခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က