ဘီလျံနာ ဖြစ်နေပြီလို့ ဆိုပါတယ်

Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့မှာ Apple စတော့ရှယ်ယာ ၅ သန်းကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

           Apple ရဲ့ ငွေချေးသက်သေခံလက်မှတ် SEC တင်တဲ့ အချက်အလက်အရ တင်မ်ကွတ်ဟာ တန်ဖိုးအားဖြင့် ဒေါ်လာသန်း ၇၅၀ ကျော် တန်တဲ့ စတော့တွေကို ရလိုက်တာ ဖြစ်တယ်လို့ CNBC သတင်းက ဖော်ပြထားပါတယ်။ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်အဖြစ် ဆယ်စုနှစ်တစ်ခုကြာ တာဝန်ယူပြီးနောက် Compensation package နောက်ဆုံးအသုတ်အဖြစ် တင်မ်ကွတ်ဟာ အခုလို ဒေါ်လာသန်းရာပေါင်းများစွာတန်တဲ့ ရှယ်ယာတွေ ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။




Photo: Business Insider


           ရလာတဲ့ ရှယ်ယာတွေကို တင်မ်ကွတ်ဟာ ၁၄၈.၃၀ ဒေါ်လာကနေ ၁၄၉.၉၇ ဒေါ်လာကြား ဈေးတွေနဲ့ စတော့တွေ ချက်ချင်း ရောင်းချခဲ့တယ်လို့လည်း SEC ရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။ SEC တင်တဲ့ အချက်အလက်အရ apple ဟာ ရှယ်ယာထဲက ၂.၆၅ သန်းကို အခွန်လိုအပ်ချက်အရ ကိုင်ထားတာ ဖြစ်လို့ တင်မ်ကွတ်ဟာ စုစုပေါင်း ဒေါ်လာ ၃၅၅ သန်းခန့် ရသွားတယ်လို့ ဆိုရမှာပါ။

           Apple ဟာ စတော့ဈေးကွက်ထဲ ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်ကို ကြည့်ပြီး တင်မ်ကွတ်ကို ဆုကြေးချီးမြှင့်မှုတွေ လုပ်ခဲ့တာပါ။ ကပ်ဘေးကာလအတွင်း ကုမ္ပဏီရဲ့ စတော့ကို ဒီလဆန်းမှာ ၁၅၁.၁၂ ဒေါ်လာအထိ ရောက်အောင် စီမံခန့်ခွဲနိုင်ခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ငါးနှစ်ကျော်ကထက် ၄၄၀%ကျော် ပိုမြင့်တက်လာတာ ဖြစ်ပါတယ်။ ကုမ္ပဏီမှာ လစာ ဒေါ်လာ ၃ သန်း ရတဲ့ တင်မ်ကွတ်ဟာ အခုလို ဆုကြေးရှယ်ယာတွေ ရတာကြောင့် ကိုဗစ်ကပ်အတွင်းမှာ ဘီလျံနာဘဝကို ရောက်ခဲ့ပါတယ်။

           Bloomberg သတင်းအရ တင်မ်ကွတ်ရဲ့ ကြွယ်ဝမှုဟာ အသားတင် ဒေါ်လာ ၁.၅ ဘီလျံခန့် ရှိမယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဒီ Apple CEO ဟာ သူ့ပိုင်ဆိုင်မှု အများစုကို အလှူအတန်းတွေမှာ စွန့်ကြဲဖို့ စီစဉ်ထားကြောင်း ပြောခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ် SEC အချက်အလက်တွေအရ တင်မ်ကွတ်ဟာ အမည်မသိရတဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုကို ဒေါ်လာ ၁၀ သန်းတန် Apple စတော့ရှယ်ယာ ၇၀၀၀၀ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

           တင်မ်ကွတ်ဟာ ၁၉၉၈ ခုနှစ်မှာ Apple ကို ရောက်လာပြီး ၂၀၁၁ ခုနှစ်မှာ ကုမ္ပဏီရဲ့ CEO ဖြစ်လာခဲ့တာပါ။ သူ CEO ဖြစ်လာချိန်ကစပြီး Apple စတော့တန်ဖိုးဟာ ၁၂၀၀% ကျော်အထိ မြင့်တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကပဲ တင်မ်ကွတ်အတွက် ဆုကြေးချီးမြှင့်မှုပုံစံ compensation package သစ် ပြောင်းသွားခဲ့ပါတယ်။ package သစ်ဟာ ၂၀၂၆ ခုနှစ်အထိ အကျုံးဝင်မှာ ဖြစ်ပြီး ကွတ်အတွက် ဆုကြေးချီးမြှင့်မှု အများစုဟာ ကန့်သတ်စတော့ယူနစ်ပုံစံနဲ့ သွားတော့မှာ ဖြစ်ပါတယ်။


Photo; ecestaticos

           တင်မ်ကွတ်ရဲ့ စွမ်းဆောင်ရည်ပေါ်လိုက်ပြီး ၂၀၂၃ မှာ ကန့်သတ်စတော့ယူနစ် ၃၃၃၉၈၇ စု ကနေ စပြီးရမှာ ဖြစ်ပြီး သီးသန့် package မှာ ‌နောက်ထပ် စတော့ယူနစ် ၃၃၃၉၈၇ စု ထပ်ရဦးမှာပါ။ တကယ်လို့ စတော့ဈေးကွက်မှာ Apple ရဲ့ ရှယ်ယာဈေးကွက်အားကောင်းအောင် လုပ်နိုင်ရင် တင်မ်ကွတ်ဟာ နှစ်ဆရမှာ ဖြစ်ပြီး စွမ်း‌ဆောင်ရည်ကျရင်တော့ ဒီ package တစ်ခုမှ ရမှာ မဟုတ်ပါဘူး။

           တကယ်လို့သာ Apple ကို ရှယ်ယာဈေးကွက်မှာ ကောင်းကောင်း မောင်းနှင်နိုင်မယ်ဆိုရင် ၂၀၂၅ အရောက်မှာ တင်မ်ကွတ်ဟာ အစုရှယ်ယာ ၁၀၀၁၉၆၁ စု ရမှာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က Apple မှာ CEO ဖြစ်ပြီးချိန်မှာလည်း သူဟာ အစုရှယ်ယာ ၁ သန်း ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က