ဟာလန်းဟာ အသင်းကနေ ထွက်ခွာတော့မှာပါ။

ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ မန်စီးတီးကို ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။ သူ့အတွက် နှစ်သင်းကြား သဘောတူညီမှုရရှိထားပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေက အားလုံး အဆင်ပြေချောမွေ့ခဲ့ပါတယ်။



ဒေါ့မွန်နဲ့ ဟာသာဘာလင်ရဲ့ ရာသီပိတ် နောက်ဆုံးပွဲ တနည်းဆိုရရင် ဟာလန်းရဲ့ ဒေါ့မွန်ကစားသမားဘဝ နောက်ဆုံးပွဲမှာလည်း ဒေါ့မွန်ပရိသတ်တွေ၊ အသင်းဖော်တွေက ဟာလန်းကို ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပါတယ်။ ဟာလန်းဟာ မန်စီးတီးမှာ တပတ်လုပ်ခ ပေါင် (၃၇၅,၀၀၀) ရရှိမှာဖြစ်ပြီး မန်စီးတီးရဲ့ လစာအများဆုံး ကစားသမား ဒီဘရိုင်းနဲ့ တတန်းတည်း လစာပမာဏကို ရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် ဟာလန်းအနေနဲ့ မန်စီးတီးကို ရောက်ရှိလာတဲ့အခါမှာ နာမည်ကျော် PUMA ဒါမှမဟုတ် Adidas ကုမ္ပဏီတခုခုနဲ့လည်း စပွန်ဆာစာချုပ်တရပ် ချုပ်ဆိုဖွယ်ရှိပါတယ်။ ဟာလန်းဟာ အရင်တုန်းက Nike နဲ့ စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ဖူးပါတယ်။ အခု Nike နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးဖြစ်တာကြောင့် နောက်ထပ် စပွန်ဆာစာချုပ်ထပ်ချုပ်ဖို့လည်း သတင်းထွက်နေပါတယ်။

ဟာလန်းအနေနဲ့ ဒီလိုမျိုး စပွန်ဆာ စာချုပ်သစ်ချုပ်ဆိုတဲ့အခါမှာ ပေါင်သန်း (၅၀) ကို အသားတင်ဝင်ငွေအဖြစ် ရရှိဦးမယ်လို့လည်း သတင်းတွေက ရေးသားဖော်ပြထားပါတယ်။ ဟာလန်းဟာ ဒေါ့မွန်နဲ့ နောက်ဆုံးပွဲအပြီး နိုက်ကလပ်တက်ချိန်မှာ ဒေါ့မွန်ရဲ့ အားကစားဝတ်စုံကို ဝတ်ဆင်ထားခဲ့ပါတယ်။

ဒါ့အပြင် အသင်းကို နောက်ဆုံးနှုတ်ဆက်လက်ဆောင်အဖြစ် ဒေါ့မွန် ကစားသမား (၃၃) ယောက်နဲ့ နည်းပြအဖွဲ့ဝင် အယောက် (၂၀) အတွက် နာမည်ကျော် Rolex နာရီတလုံးစီ လက်ဆောင်ပေးခဲ့တယ်လို့ သိရှိရပါတယ်။ ဂျာမန်သတင်းစာ Bild ရဲ့ ဖော်ပြချက်အရ ဒီနာရီတွေက တလုံးကို ပေါင် (၁၁,၀၀၀) ကနေ ပေါင် (၁၃,၀၀၀) တန်ကြေးတယ်လို့ သိရှိရပါတယ်။

ဟာလန်းဟာ အသင်းရဲ့ အခြားသော ဝန်ထမ်းတွေဖြစ်တဲ့ အရိုးအကြောကျွမ်းကျင်ပညာရှင်များ၊ စားဖိုမှူးများနဲ့အကြံပေးတို့အပါအဝင် စုစုပေါင်း အခြားဝန်ထမ်း (၂၀) အတွက်လည်း ပေါင် (၆,၀၀၀) ကနေ ပေါင် (၈,၀၀၀) အသီးသီး တန်ကြေးရှိတဲ့ Omega နာရီတလုံးစီ လက်ဆောင်ပေးခဲ့ပါသေးတယ်။ ဒီလိုမျိုး နှုတ်ဆက်လက်ဆောင်တွေအတွက် ဟာလန်းဟာ စုစုပေါင်း ပေါင် (၅) သိန်း ဝန်းကျင်ကုန်ကျခဲ့တယ်လို့လည်း သိရှိရပါတယ်။ 

Share

Loading Next Article...
က္က