ရီးရဲလ်ကို ရှုံးအပြီး နောက်ထပ်ရှုံးပွဲတွေ့ခဲ့တာပါ။

ယူနိုက်တက်ကတော့ ရီးရဲလ်ကို ရှုံးနိမ့်အပြီး နောက််ထပ်ခြေစမ်းပွဲမှာလည်း ဒေါ့မွန်ကို အရေးနိမ့်သွားခဲ့ပါတယ်။ ၃-၂ နဲ့ ဒေါ့မွန်တို့ အနိုင်ရခဲ့ကာ အခွင့်အရေးကို ပိုအသုံးချနိုင်ခဲ့လို့ ယူနိုက်တက်ကို အသာစီးရသွားခဲ့ပြီး အပိုင်အခွင့်အရေးတွေကို လွဲချော်ခဲ့တဲ့ ယူနိုက်တက်တို့ ရှုံးပွဲကြုံလိုက်ရပါတယ်။ 

အပြန်အလှန်သွင်းဂိုးတွေ၊ ကန်သွင်းချက်တွေနဲ့ ပွဲက ကြည့်ကောင်းခဲ့ပြီး ၂-၂ အထိ ဖြစ်ခဲ့ပြီးမှ ဒေါ့မွန်က အနိုင်ဂိုးသွင်းခဲ့တာပါ။ ဒုတိယပိုင်းမှာ ယူနိုက်တက်တို့ အဓိကကစားသမားတွေကို ထည့်သွင်းခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘဲ ရက်ရှ်ဖို့ဒ်၊ ဟူဂီလ်တို့ရဲ့ ဖြုန်းတီးမှုတွေ၊ အန်တိုနီရဲ့ အပိုင်ပိတ်သွင်းချက် လွဲချော်မှုတွေနဲ့ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ 

ဖာနန်ဒက်စ်ကတော့ ထုံးစံအတိုင်း အရေးပါတဲ့ ပေးပို့မှုတွေ လုပ်ပေးနိုင်ခဲ့ပေမယ့် အဆုံးသတ်ပေးမယ့်သူ မရှိလို့ အလကားသက်သက်သာ ဖြစ်ခဲ့ရပါတယ်။ ရက်ရှ်ဖို့ဒ်ကလည်း ထုံးစံအတိုင်း ဘောလုံးကို ရှင်းရှင်းမကစားနိုင်ဘဲ လိမ်ခေါက်ကျော်ဖြတ်ဖို့ကိုပဲ အားသန်နေတာက ယူနိုက်တက်တိုက်စစ်ကို နည်းနည်းတော့ အရှိန်သေစေခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ လိဒ်၊ လိုင်ယွန်နဲ့ အာဆင်နယ်တို့ကို ဆက်တိုက်အနိုင်ရခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မွန်ကို ဆက်တိုက်အရေးနိမ့်ခဲ့တာပါ။ လာမယ့်ပွဲတွေအဖြစ် လန်းစ်၊ ဘီလ်ဘာအိုတို့နဲ့ ကစားသွားမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ရာသီကြိုခြေစမ်းပွဲတွေကို အဆုံးသတ်မှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က