ချယ်လ်ဆီးကွင်းလယ်တိုက်စစ်ကစားသမား ယာအိုဖယ်လစ်က ဒေါ့မွန်နဲ့ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ အသင်းဖော်ကိုင်ဟာဗက်ဇ် ဂိုးသွင်းယူလိမ့်မယ်လို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးကတော့ ပထမအကျော့မှာ ဒေါ့မွန်ကို ၁-၀ နဲ့ အရေးနိမ့်ခဲ့ပြီး ဒုတိယအကျော့အဖြစ် မနက်ဖြန်မှာကစားရမှာဖြစ်ကာ မဖြစ်မနေအနိုင်ရဖို့ လိုအပ်နေပါတယ်။
ကိုင်ဟာဗက်ဇ်ကတော့ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ သွင်းဂိုးနဲ့ ဖန်တီးမှုတွေ လုံး၀မပြုနိုင်ဘဲ ခြေစွမ်းပျောက်ဆုံးနေတာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းမှာတော့ သူက ပုံမှန်ကစားခွင့်ရရှိနေပြီး ၂၀၂၃ အတွင်း ကစားခဲ့တဲ့ ၁၂ပွဲမှာ ၁ ဂိုးတည်းသာ ရရှိထားခဲ့ပြီး ဖိအားတွေအောက်ကို ကျရောက်နေခဲ့ပါတယ်။
ယာအိုဖယ်လစ်က "ဟာဇက်က အံ့အားသင့်စရာကစားသမားတဦးပါ၊ သူ ဘယ်သူလဲ လူတိုင်းသိကြပြီး အသင်းအတွက် သူ လုပ်ပေးနိုင်တယ်ဆိုတာကိုလည်း အားလုံးက နားလည်ထားပါတယ်၊ ကျနော်တို့က အသက်အရွယ်အားဖြင့် အတူတူပါပဲ၊ ဒါကြောင့်လည်း သူ့ကိုသိနေခဲ့တာ ကြာပါပြီ၊ ကွင်းတွင်းကွင်းပြင် ကျနော်တို့ရဲ့ ဆက်ဆံရေးကလည်း အရမ်းကောင်းပါတယ်"
"ဒါက ဘောလုံးပါ၊ တခါတလေမှာ ဂိုးတွေဆက်တိုက်သွင်းနိုင်တယ်၊ ပွဲတိုင်းဂိုးတွေရမယ်၊ တခါတလေတော့ မသွင်းနိုင်ဘူးပေါ့၊ အလုပ်ကြိုးစားနေဖို့ပဲ လိုပါတယ်၊ သူက အကောင်းဆုံးခြေစွမ်းရဖို့အတွက် အမြဲတမ်းကြိုးစားနေတာပါ၊ မနက်ဖြန်မှာ (ဒေါ့မွန်နဲ့ပွဲ) သူ ဂိုးသွင်းနိုင်ပါလိမ့်မယ်" လို့ အသင်းဖော်ကို ယုံကြည်မှုအပြည့်နဲ့ ပြောဆိုသွားခဲ့ပါတယ်။
ဟာဗက်ဇ်ကတော့ ဗဟိုတိုက်စစ်မှူးအဖြစ်နဲ့ ဂရေဟမ်ပေါ်တာလက်အောက်မှာ ကစားနေရတာဖြစ်ပါတယ်။ လေဗာကူဆင်မှာတုန်းကတော့ သူက နံပါတ် ၁၀ နေရာနဲ့ ညာတောင်ပံနေရာတွေမှာ ကစားပြီး ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။