ဇန်နဝါရီ ၁ ရက်က သီပေါမြို့မှာ မိုးသီးကြွေကျမှုကြောင့် အပျက်အစီးများခဲ့ပါတယ်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂ ရက် ညနေပိုင်းက စပြီး နောက်ထပ် (၂) ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းအပါအဝင် တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးရွာသွန်းနိုင်ပြီး မိုးသီးကြွေတာတွေ၊ လေပြင်းတိုက်ခတ်တာတွေနဲ့ လျှပ်စီးလက်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလ ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။

Photo- Shar Htat Paing (သီပေါမှာ မိုးသီးကြွေကျခဲ့စဉ်။)

ဇန်နဝါရီ ၂ ရက် ညနေပိုင်းကတော့ စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ မန္တလေးတိုင်းမှာ နေရာကျဲကျဲ၊ နေပြည်တော်၊ မကွေးတိုင်း၊ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားတာပါ။

ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာနေပြည်တော်၊စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊မကွေးတိုင်း၊ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးဆက်လက်ရွာနိုင်တယ်လို့သိရပါတယ်။

“ ရာသီဥတုပြောင်းလဲမှု အရ ဆောင်းရာသီမှာ မိုးရွာရင် မိုးသီးကြွေတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာတွေ ဖြစ်နိုင်တယ်။ မိုးတိမ်တောင် အားကောင်းတဲ့ဒေသတွေမှာပိုပြီး ဖြစ်နိုင်ခြေရှိတယ်။” လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ (၅) ပေကနေ (၇) ပေခန့်အထိ ရှိနိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်းထားပါတယ်။

ဇန်နဝါရီလ ၁ ရက် ည ၉နာရီကျော်လောက်က ရှမ်းပြည်နယ် သီပေါမြို့နယ်မှာ မိုးသက်လေပြင်းကျပြီး မိုးသီးကြေကျမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် နေအိမ်တွေ အမိုးလန်ပျက်စီးတာ၊ သစ်ပင်တွေ၊ ဓာတ်မီးတိုင်တွေ လဲကျကာ အပျက်အစီးများပြားခဲ့တယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က