ဒီကနေ့ ဇန်နဝါရီလ(၂၈)ရက်နေ့က နေပြည်တော် MICC(2)မှာ ပညာရေးဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဆွေးနွေးပွဲကျင်းပနေစဉ် အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြောနေချိန်မှာ ကျောင်းသား တချို့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ကျောင်းသား(၁၀)ဦးလောက်က ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောနေစဉ်မှာ တောင်းဆိုချက်စာသားတချို့များရေးသားထားတဲ့ စာရွက်များကို ကိုင်ဆောင်ခဲ့ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ကျောင်းသားတွေ ဆန္ဒပြတောင်းဆိုတဲ့ အချက်တွေထဲမှာ မတ်လကုန်ထိ စာမေးပွဲစစ်တာနဲ့ နိုင်ငံစီးပွားရေးတိုးတက်မလားဆိုတဲ့ အချက်အပါအဝင် မန္တလေးတက္ကသိုလ် သပိတ်ကိစ္စတွေလည်းပါဝင်ခဲ့ပါတယ်။
ကျောင်းသားတွေအနေနဲ့ အတိုင်ပင်ခံပုဂ္ဂိုုလ်နဲ့ တွေ့ဖို့တောင်းဆိုတဲ့အခါမှာ ကြားတာဝန်ရှိသူတွေက တွေ့ခွင့်မပေးခဲ့ဘူးလို့ဆိုပါတယ်။ အခုလို ဆန္ဒပြတောင်းဆိုရတာကလည်း ပညာရေးနဲ့ ပတ်သက်ပြီး ချထားတဲ့ ဥပဒေမူတွေကို ပြန်လည်ပြင်ဆင်ပေးစေချင်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို တောင်းဆိုတဲ့ သဘောပါလို့ ကျောင်းသားတစ်ဦးကပြောကြားခဲ့ပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်က အခုလို အခမ်းအနားတွေမှာ ဆန္ဒပြတာတွေက နည်းမှန်လမ်းမှန်မဟုတ်ကြောင်း၊ နည်းလမ်းတွေကိုဖွင့်ပေးထားတယ်၊ အဆင်မပြေတာတွေရှိရင် နည်းမှန်လမ်းမှန်တိုင်းဆောင်ရွက်သင့်ကြောင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
အခုဆွေးနွေးပွဲမှာ နောက်ဆုံးတန်းမှာထိုင်နေကြတဲ့ ကျောင်းသားတွေက ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဆန္ဒပြစဉ်အတွင်း တာဝန်ရှိသူတွေအနေနဲ့ ကျောင်းသားတွေကို ထိန်းချုပ်ခဲ့ပြီးတော့ ဆွေးနွေးပွဲကိုဆက်လက်ကျင်းပနိုင်ခဲ့ပါတယ်။