ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်နဲ့ နေပြည်တော် မဲစာရင်းနှစ်ခုစလုံးမှာ ပါဝင်နေတာပါ။

၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်းကြေညာရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းဒေသကြီးမဲစာရင်း နဲ့ နေပြည်တော်ကောင်စီနယ်မြေ မဲစာရင်း နှစ်ခုစလုံးမှာ ပါဝင်နေပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရန်ကုန်တိုင်း ၊ ဗဟန်းမြို့နယ်ကနေ မဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။



ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်အမည်စာရင်းပါဝင်နေတာကအိမ်ထောင်စုစာရင်း ၊ ပုံစံ ၆၆/၆ အရဖြစ်ပြီး နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်မှာပါဝင်နေတာကတော့ တာဝန်နဲ့ အမြဲနေထိုင်တာဖြစ်လို့ ရှိကောက်စာရင်းအရ ပါဝင်လာတာလို့ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကနေသိရပါတယ်။

“ ဗဟန်းမှာက အတိုင်ပင်ခံပုဂ္ဂိုလ်က ရွှေတောင်ကြား (၁)ရပ်ကွက်စာရင်းနဲ့ပါတယ်ပေါ့နော် ။ အရင်နှစ်တွေကလည်း ဒီမှာပဲ မဲပေးခဲ့တာ။ ဒီနှစ်လည်း ပေးမယ် ။ မဲစာရင်းပါတဲ့အကြောင်း မဲစာရင်းအမှတ်စဉ်နဲ့တကွ သူ့ရဲ့ကိုယ်စားလှယ်က ထောက်ခံချက်လာယူသွားပြီးပြီ “ လို့ ဗဟန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအေးမောင်သန်းက Duwun ကို ပြောပါတယ် ။

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်ထောင်စုနယ်မြေ ၊ ဇဗ္ဗူသီရိမြို့နယ်မှာ မဲဆန္ဒရှင်စာရင်းပါဝင်မှုကိုတော့ ဒီကနေ့ သြဂုတ်လ ၁၄ရက်မှာ ပုံစံ(၄) နဲ့ ကိုယ်တိုင်ကန့်ကွက်လွှာတင်သွင်းခဲ့တယ်လို့ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကျော်ငြိမ်းက ဆိုပါတယ်။

“ဒီမှာကတော့ ဇဗ္ဗူသီရိမြို့နယ် ၊ ဇေယျသိဒ္ဒိရပ်ကွက်မှာ အတိုင်ပင်ခံရဲ့မဲစာရင်းပါနေတာ ။ ဒါက မဲစာရင်းပြုစုတဲ့အခါ ရှိကောက်ရော အိမ်ထောင်စုစာရင်းအရရောကောက်ကြတော့ ဒါက နိုင်ငံတော်ပိုင်အိမ်ရှိတဲ့ နေရပေါ့နော် ။ တာဝန်နဲ့အမြဲရှိနေတဲ့အခါကျတော့ ရှိကောက်စာရင်းအနေနဲ့ပါလာ တာဖြစ်ပါတယ်။ ဒီနေ့ မဲစာရင်းလာကြည့်ပြီး ဒီဘက်ကို ကန့်ကွက်လွှာတင်သွားပါပြီ “ လို့ ဥက္ကဌ ဦးကျော်ငြိမ်းက Duwun ကို ပြောပါတယ် ။

၂၀၂၀ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကောက်ခံမှုကိုတော့ ရပ်ကွက်အတွင်းအမှန်တကယ်နေထိုင်သူ စာရင်းအရရော၊ အိမ်ထောင်စုစာရင်းပုံစံ ၆၆/၆ အရ ကောက်ခံခဲ့ပြီး မဲဆန္ဒရှင်စာရင်းတွေ ထုတ်ပြန်ကြေညာထားရာမှာ အမှားအယွင်းတွေရှိခဲ့တယ်လို့လည်း ပြည်သူတွေအကြား ဝေဖန်ထောက်ပြမှုတွေ ရှိနေပါတယ်။

ဒါကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြည်သူတွေ မဲစာရင်းလာရောက်စစ်ဆေးနိုင်ရန် မူလက သတ်မှတ်ထားတဲ့ ရက်တွေထက် (၇) ရက်တိုးမြှင့်ခဲ့ရာ ဒီကနေ့ သြဂုတ်လ ၁၄ ရက်ကတော့ မဲစာရင်းကြည့်ရမယ့် နောက်ဆုံးရက်လည်းဖြစ်ပါတယ်။

အခု ပထမအကြိမ် ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်စာရင်းတွေမှာ အမှားအယွင်းရှိခဲ့တာတွေကို ပြန်လည်ပြင်ဆင်ပြီး အောက်တိုဘာလ၁၄ ရက်မှာတော့ ဒုတိယအကြိမ်အဖြစ် ကြေညာပေးမယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်ကနေသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က