ကျွန်တော်တို့ကလည်း ကြိုးစားသွားမှာပါ။

William Tun ဟာ Project K အဖွဲ့ကို ကိုရီးယားနိုင်ငံမှာ လေ့ကျင့်မှုတွေ ပြုလုပ်စေချင်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဆန္ဒအတိုင်း ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

Photo: William Tun



ပရိသတ်တွေရဲ့ အချစ်တော် William Tun ကတော့ Project K အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ သူတို့ အဖွဲ့ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ချီးကျူးခဲ့တဲ့ Boy Band တစ်ခုပါ။ မြန်မာ့ယဉ်ကျေးမှုကို ခေတ်နဲ့အညီပေါင်းစပ်ထားတဲ့ အကကြောင့် ချီးကျူးခံရတာလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကျွန်တော်တို့ကို ချီးကျူးတယ်ဆိုတာ အဓိက ကတော့ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းလို့ပေါ့နော်။ ကိုယ့် မြန်မာ့ယဉ်ကျေးမှုကို ခေတ်နဲ့အညီပေါင်းစပ်လို့ အဲဒီအရာလေးကို ချီးကျူးတာပါ။ အဓိကကတော့ သူဖြစ်စေချင်တာက လူငယ်တွေကို ကိုယ်ဘယ်က လာတာလည်း မမေ့စေချင်ဘူး။ တကယ့် ကိုယ့်ရဲ့ ယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းစေချင်တယ်။ လူငယ်တွေဆိုတာတော့ ခေတ်နောက်ကို လိုက်မှာပဲလေ။ ဒါပေမယ့် ကိုယ့်ယဉ်ကျေးမှုကိုလည်း မပျက်စေချင်တဲ့ ဆန္ဒပါ” လို့ သူကဆိုပါတယ်။

Photo: William Tun

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ Project K အဖွဲ့ရဲ့ အနုပညာလှုပ်ရှားမှုတွေအတွက် တောင်ကိုရီးယားနိုင်ငံမှာလည်း လေ့ကျင့်သင်ကြားမှုတွေ လုပ်စေချင်တယ်လို့ သိရပါတယ်။ ဒါဟာ အဖွဲ့တစ်ခုတည်းဆိုတာထက် လူငယ်တိုင်းအတွက် အတွေ့အကြုံကောင်းတစ်ခုကို ပေးချင်တာလို့လည်း William Tun က ပြောပြလာပါတယ်။

“ ဒီလိုပြောပေးခဲ့တာကလည်း Project K အတွက်မဟုတ်ဘူး မြန်မာနိုင်ငံရဲ့ အဖက်ဖက်ကို မြင့်တင်ပေးချင်တာပါ။ အဲဒီတော့ သူတက်နိုင်တဲ့ဘက်ကနေ သူမြှင့်တင်ပေးတယ်။ မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာ နေရာတွေမှာ သူများနိုင်ငံနဲ့ ရင်ဘောင်တန်းနိုင်အောင်၊ သူများနိုင်ငံရဲ့ နည်းပညာတွေကို ကိုယ်တွေလည်း လေ့လာခွင့်ရအောင် အမြဲတမ်း ကြံစည်နေသူဆိုတော့ အမြဲတမ်းလည်း လုပ်နေမှာပါပဲ။ ကိုရီးယားဘက်က ဆက်သွယ်လာရင်တော့ သွားမယ်” လို့ ဆိုပါတယ်။

Photo: William Tun

William Tun အပါအဝင် Project K တစ်ဖွဲ့လုံးဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ဖူးကြပါတယ်။ သူတို့အတွက် သင်ယူစရာ စကားတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ ပညာရှိစကားတွေပေါ့နော် ။ သူပြောလိုက်တိုင်း ကျွန်တော်တို့တွေအတွက် အားဖြည့်စရာဖြစ်တယ်။ သင်ယူစရာတွေချည်းပဲ။ ကျွန်တော်တို့တွေဆိုရင် သူ့ရဲ့ မိန့်ခွန်းတွေကို ဖုန်းနဲ့ အမြဲတမ်းကြည့်တယ်။ အဲဒါတွေက နိုင်ငံရေးဆိုတာထက် ပြည်သူတွေကို သင်ပေးနေတာ။ သူပြောတဲ့ စကားတွေက အကုန်လုံး သင်ယူစရာတွေချည်းပဲ” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့က “Before & After” ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Wai Double H

Project K အဖွဲ့ဟာ လူငယ်ကောင်လေး(၇)ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၆ခုနှစ်က ကိုရီးယာနိုင်ငံတွင် ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိ Project K အဖွဲ့ဟာ ပြီးခဲ့သော လပိုင်းလောက် The Beginning ဆိုတဲ့ တေးအယ်လ်ဘမ်ကို ထွက်ရှိထားပါသေးတယ်။ Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ပါဝင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က