ဇာတ်ကားထဲက သက်နှင်းအိမ် နဲ့ ယုမော် တို့အကြောင်းပြောပြလာပါတယ်။

ပိုင်ဖြိုးသု တစ်ယောက် သက်နှင်းအိမ် ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကာရိုက်တာပီပြင်ဖို့ တော်တော်လေး ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင်ဒေါင်းကလည်း ရဲဘော်ရဲဘက်စိတ်အပြည့်ရှိတဲ့ သူပါလို့ သူကပြောပါတယ်။

Photo: မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်



ပိုင်ဖြိုးသုကတော့ “မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်” ရုပ်ရှင်ဇာတ်ကားထဲမှာ သက်နှင်းအိမ် ဆိုတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဒေါင်းနဲ့ အတူတွဲပြီး သရုပ်ဆောင်ထားတာပါ။ ဇာတ်ကောင်ပီပြင်လွန်းတဲ့ ဒေါင်းကိုလည်း မီဒီယာတွေရဲ့ အင်တာဗျူးမှာ ချီးကျူးခဲ့ပါသေးတယ်။

“ သူက လုံးဝအပြည့်လုပ်တာ။ နည်းနည်းမှမလျှော့ဘူး။စရိုက်မယ် ဆိုကတည်းက Pre Production Meeting တွေ တော်တော်ခေါ်တယ်။ အဲဒီတုန်းကတည်းက သူကနေစပြီးတော့ သုသုတဲ့ နင်ငါ့ကို အဲဒီဇာတ်ဝင်ခန်းမှာ တကယ်ပါးရိုက်ပေးနော်တဲ့။ သုသုအရမ်းပျော်သွားတယ်။ ငါလည်းနင့်ကိုတကယ်ရိုက်မယ်၊ နင်လည်းငါ့ကို တကယ်ရိုက်ပေးနော် ဆိုပြီးတော့ ညှိခဲ့ကြတယ်။ သူက အရမ်းကို ရဲဘော် ရဲဘက်စိတ်အပြည့်ရှိတဲ့သူပေါ့” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့က “မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Amazing Grace

သက်နှင်းအိမ် ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ အရမ်းကြိုးစားခဲ့ရတယ်လို့ ပိုင်ဖြိုးသု က ပြောပါတယ်။ ဒေါင်း နဲ့ ရန်ဖြစ်ရတဲ့ ဇာတ်ဝင်ခန်းတွေက အပင်ပန်းဆုံးပါပဲလို့ သူကပြောပါတယ်။

“ ဒီကာရိုက်တာကို သရုပ်ဆောင်ရတာ သုသုအတွက် တော်တော်လေး ပင်ပန်းပါတယ်။ အပြင်က ကာရိုက်တာနဲ့လည်း တော်တော်လေး အလှမ်းဝေးတယ်။ သုသုသာဆိုရင် မောင့်နောက်ကို လိုက်သွားမှာ။ မာနကြီးပြီး စိတ်ဓာတ်ပြင်းတဲ့ မိန်းကလေးဖြစ်နေတယ်။ ဒေါင်းနဲ့ ရန်ဖြစ်တဲ့အခန်းတွေဆို တကယ်ဖြစ်ရတာ။ တချို့ဇာတ်ဝင်ခန်းတွေဆိုရင် ဒေါသတွေအရမ်းထွက်ပြီးတော့ ဗိုက်ထဲမှာ ပူကနဲဖြစ်သွားတာ။ သူနဲ့ရန်ဖြစ်တဲ့ ဇာတ်ဝင်ခန်းတွေက တော်တော် ဒုက္ခရောက်တယ်” လို့ ဆိုပါတယ်။

Photo: RBV

“မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်” ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ယုမော် ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ ကာရိုက်တာကို ဒေါင်းက သရုပ်ဆောင်ရတာဖြစ်ပါတယ်။ ဒီကာရိုက်တာအပေါ် သူ့ရင်ထဲက ခံစားချက်ကို အခုလို ပြောပြလာပါတယ်။

“ ကျွန်တော်ရော၊ သုသုရောက ဆရာမနဲ့ ဦးမီးပွားရဲ့ လမ်းညွှန်မှုနဲ့ စိတ်တွေကို တကယ် ထည့်ခဲ့ကြတာပါ။ ယုမော်ဆိုတာလည်း ဆရာမ သိထားတဲ့ စာအုပ်ထဲက ယုမော်၊ တကယ့်အပြင်မှာရှိနိုင်မယ့် ယုမော်၊ ရုပ်ရှင်ဖြစ်တဲ့အတွက် ခံစားချက်ကို တင်ဆက်ပြသရမှာ။ စာဖတ်တာလောက်တော့ မလွတ်လပ်ဘူးပေါ့။ ကျွန်တော်တို့မှာ ချုပ်ကိုင်ထားတာတွေရှိတယ်၊ အချိန်ကာလတွေရှိတယ်၊ ဖြတ်တောက်ထားတာတွေရှိတယ်။ အဲဒီအထဲမှာမှ ကျွန်တော်တို့ နှစ်ယောက်စလုံးကလည်း တစ်စက်မှ မလျော့ပဲ သရုပ်ဆောင်ခဲ့ရတော့ ပြန်ကြည့်တဲ့အချိန်မှာ စိတ်ကျေနပ်မှုရပါတယ်” လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

Photo: မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်

ပိုင်ဖြိုးသုနဲ့ ဒေါင်းတို့ပါဝင်သရုပ်ဆောင်ထားတဲ့ “မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ စာရေးဆရာမဂျူးရဲ့ အောင်မြင်တဲ့ ဝတ္တုတွေထဲကမှ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒါကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပုံဖော်လိုက်တာကတော့ ဒါရိုက်တာ မီးပွားပါ။ အဓိက ဇာတ်ဆောင်တွေအနေနဲ့ ဒေါင်း၊ စိုင်းစည်တွမ်ခမ်း နဲ့ ပိုင်ဖြိုးသုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ထုတ်လုပ်ထားတာကတော့ သင်္ကေတ ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က