ထိုင်းဘတ်ငွေ ၇၅ သန်းခန့် ဆုံးရှုံးခဲ့ရတဲ့ cryptocurrency ရင်းနှီးမြှပ်နှံသူတွေဟာ ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန DSI ကို တိုင်ကြားထားပါတယ်။
Bangkok Post သတင်းမှာတော့ ၂၀၁၈ ခုနှစ်က စတင်ပြီး ထိုင်းတောင်ပိုင်းမှာ နာမည်ကြီးလာတဲ့ Khung Nong Crytocurrency Trading လို့ ခေါ်တဲ့ cryptocurrency ပရောဂျက်တစ်ခုဟာ ပိရမစ်ပုံစံအဆင့်ဆင့်နဲ့ ရင်းနှီးမြှပ်နှံသူတွေကို လိမ်လည်မှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလုပ်ငန်းဟာ တစ်ပတ်ကို အများဆုံး အတိုး ၈% အထိ ပြန်ပေးမယ်ဆိုတဲ့ ကတိတွေနဲ့ ကရာဗီ ၊ ထရမ်ဂ် ၊ ယာလာ ၊ ပတ္ထနီ နဲ့ နာရာသီဝပ်တို့က ဒေသခံတွေကို ဆွဲဆောင်ခဲ့တာပါ။
Photo: Coin Rivet
ဒေသခံတွေဟာ ဒီပရောဂျက်မှာ ရင်းနှီးမြှပ်နှံမယ့်ငွေ ရဖို့ သူတို့ပိုင် မြေ ၊ ကား နဲ့ ဆိုင်ကယ်တွေ ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ Khung Nong Crytocurrency Trading ဟာ ရင်းနှီးမြှပ်နှံသူတွေကို ပိုပြီး ဆွဲဆောင်နိုင်ဖို့ ရင်းနှီးမြှပ်နှံသူတစ်ယောက်နေ နောက်တစ်ယောက်ကို အဆင့်ဆင့် ဆွဲသွင်းတဲ့တွေ စနစ်သုံးခဲ့ရာကနေ ဒီအစီအစဉ်ဟာ လျင်လျင်မြန်မြန် ကြီးထွားလာခဲ့တယ်လို့ BangKok Post က ဖော်ပြထားပါတယ်။
Khung Nong Crytocurrency Trading ဟာ ဘတ် ၁ သိန်း ရင်းနှီးမြှပ်နှံသူတွေကို အပတ်စဉ် အတိုး ဘတ် ၈၀၀၀ ပေးမယ်လို့ ကတိပြုခဲ့တာပါ။ ဒီအစီအစဉ်ဟာ ၂၀၁၈ အောက်တိုဘာလထဲမှာ စတင်ခဲ့ပြီး စီးပွားရေးကျဆင်းလာခြင်းကို အကြောင်းပြပြီး ပုံမှန်ပေးရမယ့် ငွေပေးမှုကို ဖေဖော်ဝါရီလထဲမှာ ရပ်ဆိုင်းခဲ့ပါတယ်။
Photo: Learn2 Trade
ဒီအစီအစဉ်မှာ ရင်းနှီးမြှပ်နှံသူတွေထဲက တစ်ဦးဟာ အခုလို ငွေကြေး ထည့်ဝင်ဖို့ ခြံကို ရောင်းချခဲ့ပါတယ်။ ဒီအဖွဲ့မှာ ရင်းနှီးမြှပ်နှံမှု ထည့်ဝင်ဖို့ သူမကို ဆွယ်ခဲ့သူကလည်း ၄ ဦးတစ်ဖွဲ့နှုန်းနဲ့ ၆ ဖွဲ့နီးပါး ရှိခဲ့တဲ့ ဒီအဖွဲ့အစည်းဟာ ပြည်နယ်အစိုးရရဲ့ ကြီးကြပ်မှုနဲ့ လည်ပတ်နေတဲ့ လုပ်ငန်းဖြစ်တယ်လို့ အာမခံခဲ့တာပါ။Khung Nong Crytocurrency Trading အဖွဲ့ဟာ နောက်ပိုင်းမှာ သူမကို ပိုက်ဆံထုတ်မရတဲ့ ချက်လက်မှတ်ပဲ ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီအမှုကို DSI က ကိုင်တွယ်နေပြီ ဖြစ်တယ်လို့ တရားမဝင် ဘဏ္ဍာရေးဆိုင်ရာ မှုခင်းဗြူရို လက်ထောက်ဒါရိုက်တာ ပိုကပ်သာ့စ်လာအိုတာဝီးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းကလည်း သူ့ကိုယ်သူ cryptocurrency ကျွမ်းကျင်သူလို့ နာမည်တပ်ပြီး ဘတ်သန်း ၅၀၀ (ဒေါ်လာ ၁၆.၃ သန်း) တန်ဖိုးရှိတဲ့ Crypto Exchange လိမ်ညာမှု လုပ်ခဲ့သူကို ဘန်ကောက်မှာ ဖမ်းဆီးခဲ့ပါတယ်။