Apple မှာ ရှယ်ယာ ၅.၆% (တန်ဖိုးဒေါ်လာဘီလျံ ၇၀ကျော်) ပိုင်တဲ့ သူဌေးကြီးဟာ ပထမဆုံးအကြိမ်အဖြစ် iPhone ကို ပြောင်းကိုင်လိုက်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် သူဌေးကြီး ဝါရင်းဘတ်ဖတ် ပြီးခဲ့တဲ့နှစ်အထိ ကိုင်ခဲ့တဲ့ ဖုန်းက ၂၀၁၀ ထုတ် Samsung SCH-U320 ဖုန်းပါ။ CNBC နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ အသက် ၈၉ နှစ်အရွယ် ဘီလျံနာကြီးဟာ Samsung Haven flip ဖုန်းကနေ iPhone 11 ကို ပြောင်းကိုင်နေပြီလို့ ပြောခဲ့ပါတယ်။
flip phone နဲ့ တွေ့ရတဲ့ သူဌေးကြီး (Photo: businessinsider)
Apple ဟာ Berkshire Hathaway ရဲ့ အာမခံနဲ့ ရထားလမ်းပိုင်း စီးပွားရေးပြီးရင် တတိယအကြီးဆုံးစီးပွားရေး ဖြစ်ပေမယ့် ဝါရင်းဘတ်ဖတ်ကတော့ flip phone ပဲ စွဲစွဲမြမြဲ သုံးခဲ့သူ ဖြစ်ပါတယ်။ ဝါရင်းဘတ်ဖတ်ဟာ iPhone ကို အခုမှ ပထမဆုံး သုံးတာ ဖြစ်ပေမယ့် iPad ကိုတော့ စတော့ဈေးနှုန်းတွေ ကြည့်ဖို့နဲ့ သုတေသနလုပ်ဖို့ သုံးနေပါတယ်။
CNBC နဲ့ တွေ့ဆုံခန်းမှာလည်း "အခုမှ (iPhone) စကိုင်တဲ့ အသက် ၈၉ နှစ်အရွယ် အဘိုးကြီးကို ခင်ဗျားကြည့်နေတာပဲ" လို့ ပြောခဲ့ပါတယ်။ ဘတ်ဖတ်ဟာ Apple CEO တင်မ်ကွတ်အပါအဝင် လူအတော်များများဆီက iPhone လက်ဆောင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကBloomberg TV နဲ့ အင်တာဗျူးမှာ တင်မ်ကွတ်ဟာ အိုမာဟားကို ကိုယ်တိုင်သွား သွားပြီး ဝါရင်းဘတ်ဖတ်ကို iPhone သုံးနည်း ပြချင်ကြောင်း ပြောခဲ့ပါတယ်။
ဒေါ်လာဘီလျံ ၅၆၀ ကျော်တန်တဲ့ Berkshire Hathaway ဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ဝါရင်းဘတ်ဖတ်ကတော့ iPhone သစ်ကို ဖုန်းခေါ်ဆိုဖို့ပဲ သုံးပြီး တစ်ခြားသူတွေလို ဂိမ်းကစားတာနဲ့ Social Media ပေါ်က သတင်းဖတ်တာတွေ မလုပ်ဘူးလို့ ဆိုပါတယ်။