ရန်ကုန်မြို့တော်စည်ပင်နဲ့ ဒို့အိမ်အဖွဲ့အစည်းတို့ပူးပေါင်းပြီး ဒေါ်လာ(၈၀၀၀)ကျော်အကုန်အကျခံပြုပြင်ခဲ့တဲ့ ရန်ကုန်မြို့ရဲ့နောက်ဖေးလမ်းကြားတစ်ခုကိုတော့ ဖေဖော်ဝါရီလ(၂၉)ရက်နေ့မနက်ပိုင်းကဖွင့်လှစ်ခဲ့ပါတယ်။
အဆိုပါနောက်ဖေးလမ်းကြားကိုတော့ ၃၁လမ်းနဲ့ ဗိုလ်ဆွန်ပက်လမ်း(အောက်ဘလောက်)မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပန်းချီ ၊ ပန်းပုအပါအဝင် မြန်မာ့ရိုးရာသုခုမအနုပညာဖြစ်တဲ့ ပန်း(၁၀)မျိုးကို အဓိကပုံဖော်ထားတာဖြစ်လို့ မြန်မာ့လက်မှုအနုပညာရဲ့ အငွေ့အသက်တွေကိုတော့အပြည့်အဝခံစားခွင့်ရရှိမှာပါ။
အခုပြုပြင်ထားတဲ့နောက်ဖေးလမ်းကြားကို ရေရှည်ပြုပြင်ထိန်းသိမ်းနိုင်အောင် ဈေးဆိုင်တချို့ကိုဖွင့်လှစ်ခွင့်ပေးသွားမှာဖြစ်ပြီး အဲဒီကရတဲ့ ငွေနဲ့ လမ်းထိန်းသိမ်းရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပန်းဘဲတန်းမြို့နယ် အမှတ်(၉)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းက ပြောပါတယ်။
“ ကျွန်တော်တို့က ဒီလမ်းကိုရေရှည်ထိန်းသိမ်းနိုင်ဖို့ကျတော့ အသုံးပြုဖို့ပိုက်ဆံလိုတယ်။အဲဒီတော့ ကျွန်တော်တို့ကဝင်ငွေရရှိအောင် စီးပွားရေးလုပ်တဲ့သူတွေနဲ့ ချိတ်ဆက်ရမှာပေါ့။ အရင်ဆုံးကတော့ ဒီမှာ ဈေးဆိုင်လေးတွေဖွင့်သွားမယ်။သန့်ရှင်းတဲ့ ဆိုင်မျိုးတွေပေါ့။သူတို့ဆီက နေရာခရတဲ့ ပိုက်ဆံတွေကို ဒီလမ်းရေရှည်လှပမှုရှိအောင် ထိန်းသိမ်းခြင်းလုပ်ငန်းတွေဆောင်ရွက်သွားမယ်” လို့ ဦးမောင်မောင်ထွန်းကပြောပါတယ်။
ဒို့အိမ်ဟာ ရန်ကုန်မြို့တော်စည်ပင်နဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့ရဲ့ နောက်ဖေးလမ်းကြားများကို သန့်ရှင်းလှပအောင် မတူသောဖန်တီးမှုအသစ်သစ်တွေနဲ့ ပြုပြင်ဆောင်ရွက်လျှက်ရှိတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ နောက်ထပ်ဖွင့်လှစ်မယ့် (၁၁)ခုမြောက်နောက်ဖေးလမ်းကြားကိုတော့ (၃၁)လမ်းနဲ့ (၃၂)လမ်းကြားမှာဖွင့်လှစ်သွားဖို့ရှိတယ်လို့သိရပါတယ်။