ဘီလင်ဟမ်ရဲ့ဖခင်ဖြစ်သူကလည်း ဒေါ့မွန်က သားဖြစ်သူရဲ့ ကစားသမားဘဝကို ပိုမိုမြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်နေပြီး ဂျေဒန်ဆန်ချိုရဲ့ အောင်မြင်နေတဲ့နည်းလမ်းကို အတုယူဖို့ တိုက်တွန်းနေကြောင်း သိရပါတယ်။
ဘာမင်ဂမ်အသင်းရဲ့လူငယ်ကစားသမားဘီလီဟင်ဟာ ဒေါ့မွန်ကိုပြောင်းရွှေ့ဖို့ကို ပိုမိုစိတ်အားထက်သန်နေတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကမ်းလှမး်မှုကို ငြင်းဆန်လိုက်ပြီလို့ သိရပါတယ်။ Sports Bild ရဲ့ ဖော်ပြချက်မှာ ဒေါ့မွန်ကလည်း ဘာမင်ဂမ်အသင်းတောင်းဆိုမယ့် ပြောင်းရွှေ့ကြေးကို ပေးချေဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။
ဘီလင်ဟမ်ကို ရရှိဖို့အတွက် ယူနိုက်တက်ဟာ ကာလရှည်ကြိုးပမ်းနေခဲ့ပြီး ကစားသမားကိုလည်း အသင်းလေ့ကျင့်ကွင်းဆီ ဖိတ်ခေါ်မှုပြုလုပ်ခဲ့ပါတယ်။ ဘီလင်ဟမ်နဲ့အတူ သူ့ရဲ့မိသားစုပါ လိုက်ပါလာခဲ့ပြီးနောက်မှာ အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ သေချာသလောက်ရှိနေပြီလို့ သတင်းတွေထွက်နေပေမယ့် လက်ရှိမှာ ကစားသမားက စိတ်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။
ဘီလင်ဟမ်ရဲ့ဖခင်ဖြစ်သူကလည်း ဒေါ့မွန်က သားဖြစ်သူရဲ့ ကစားသမားဘဝကို ပိုမိုမြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်နေပြီး ဂျေဒန်ဆန်ချိုရဲ့ အောင်မြင်နေတဲ့နည်းလမ်းကို အတုယူဖို့ တိုက်တွန်းနေကြောင်း သိရပါတယ်။ ဒါကြောင့် ယူနိုက်တက်အနေနဲ့ ဟာလန်းကို လက်လွှတ်ခဲ့ရသလိုမျိုးပဲ ဘီလင်ဟမ်ကိုပါ ဒေါ့မွန်ဆီ ထည့်ပေးရမယ့်ကိန်းဆိုက်နေပြီဖြစ်ပါတယ်။
ဒီရာသီချန်ပီယံရှစ်မှာ ဘီလင်ဟမ်က အသက် ၁၆ နှစ်သားတစ်ဦးအနေနဲ့ ဘာမင်ဂမ်အတွက် ပါဝင်ကစားခွင့်ရရှိနေခဲ့ပြီး သွင်းဂိုး ၄ ဂိုးနဲ့ ဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ သူနဲ့ ဘာမင်ဂမ်တို့ရဲ့ လက်ရှိစာချုပ်ကတော့ နောက်နှစ်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး ဘာမင်ဂမ်က သူ့အတွက် အနည်းဆုံးပေါင်သန်း ၂၀ အထိ ရယူလိုတယ်လို့ သတ်မှတ်ထားကြောင်းလည်း သိရပါတယ်။