ရတနာဗိုဟာ ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဒေါင်းနဲ့ အတူတွဲ သရုပ်ဆောင်ခဲ့ရတဲ့ အတွေ့အကြုံတွေ ပြောပြလာပါတယ်။ ဒီဇာတ်ကားကတော့ ဒေါင်းနဲ့ ပထမဆုံးတွဲရိုက်ရတဲ့ ဇာတ်ကားပါပဲတဲ့။
Photo: Yadanar Bo
သရုပ်ဆောင် ရတနာဗိုကတော့ မကြာခင်ရုံတင်ပြသတော့မယ့် “၁၀၁၄” ရုပ်ရှင်ကားကြီးထဲမှာ သရုပ်ဆောင် ဒေါင်းရဲ့ ချစ်သူအဖြစ် ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ ဒီဇာတ်ကားကတော့ ပထမဆုံးအကြိမ် ဒေါင်းနဲ့ သရုပ်ဆောင်ရတာဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ ကိုဒေါင်းနဲ့က ဒီဇာတ်ကားမှာပဲ စပြီးတော့ ဆုံဖူးတယ်၊ တွဲဖူးတယ်ပေါ့။ ဒီဇာတ်ကားထဲမှာ ကိုထွန်းကိုက ညီမကို တစ်ဖက်သတ် စိတ်ဝင်စားတယ်ဆိုတဲ့ သဘောမျိုးပေါ့။ ထူးအောင်တို့က စစ်သူကြီးဆိုတော့ ဇာတ်ကားထဲမှာ ကိုယ့်ထက် ကြီးတယ်ပေါ့လေ။ မေမြင့်မိုရ်ကတော့ ကိုဒေါင်းရဲ့ အမေ ကာရိုက်တာဖြစ်သွားတယ်။ သူလည်း အရမ်းတော်တယ်။ သူက ဒီဇာတ်ကားထဲမှာ ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်တဲ့ အိမ်ထောင်ရှင်အမျိုးသမီးကာရိုက်တာကိုလည်း သရုပ်ဆောင်နိုင်တယ် သူ့ကိုလည်း ဒီဇာတ်ကားထဲမှာ အရမ်းကြိုက်တယ်” လို့ ဆိုပါတယ်။
Photo: Tat too
ဒေါင်းရဲ့ အနုပညာအရည်အချင်းကိုလည်း ရတနာဗိုလ်က ချီးကျူးစကားဆိုခဲ့ပါတယ်။ ပထမဆုံးအကြိမ် အတူတွဲသရုပ်ဆောင်ရတာဖြစ်ပေမယ့် လိုက်ဖက်ညီအောင် ကြိုးစားခဲ့ကြတယ်လို့ ရတနာဗို က ပြောပါတယ်။
“ ကိုဒေါင်းက တော်ပါတယ်။ တကယ်လည်း အလုပ်အပေါ်မှာ စိတ်ဝင်စားတဲ့ သရုပ်ဆောင် တစ်ယောက်ပါ။ သူ့မျက်လုံးတွေက အရမ်းကောင်းတယ်။ သရုပ်ဆောင်တဲ့အချိန်မှာ သူလည်း ကာရိုက်တာအတိုင်း စီးမျောသလို၊ ကိုယ်ကလည်း ကာရိုက်တာထဲမှာ စီးမျောသွားတဲ့အတွက် နှစ်ယောက်စလုံးကတော့ ဒီဇာတ်ကားထဲမှာ လိုက်ဖက်ညီမယ်လို့ ထင်တယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက ၁၀၁၄ ရုပ်ရှင်ဇာတ်ကားအထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။
Photo: Yadanar Bo
၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးကို ဦးကျော်သူရဲ့ ဝရဇိန်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံးထုတ်လုပ်သွားမယ့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါ တယ်။ ဒီဇာတ်ကားကြီးထဲမှာ ကျော်သူ၊ မို့မို့မြင့်အောင်၊ ထွန်းကိုကို၊ ထူးအောင်၊ ပြေဇင်၊ ဒေါင်း၊ မေမြင့်မိုရ် နဲ့ ရတနာဗို တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဒီဇာတ်ကားရဲ့ ရည်ရွယ်ချက်ကိုလည်း ရတနာဗိုက ပြောပြခဲ့ပြန်ပါသေးတယ်။
“ ဒီဇာတ်ကားက ဗုဒ္ဓဘာသာအတွက်ကိုပဲ ရည်ရွယ်ပြီးတော့ ရိုက်ထားတာ မဟုတ်ပါဘူး။ ဘယ်ဘာသာ၊ ဘယ်လူမျိုးမဆို ကြည့်ရှုလို့ရပါတယ်။ အဓိက ကတော့ မေတ္တာတရား၊ အမှားအမှန် ခွဲခြားသိဖို့ ရိုက်ထားတာပါ။ ဒီဇာတ်ကားထဲမှာ ဗဟုသုတ ယူတတ်မယ်ဆိုရင်လည်း ရပါတယ်။ ဒီခေတ် ဒီအခါမှာ သေသေချာချာ အကုန်ကျခံပြီးတော့ ရိုက်ကူးထားတဲ့ ဇာတ်ကားကြီးဖြစ်လို့ အားပေးစေချင်တယ်” ဆိုပြီးတော့လည်း ဆက်လက်ပြောပြခဲ့ပါတယ်။
Photo: TaT Too
ရတနာဗိုဟာ အနုပညာပျိုးခင်း ၂ ရဲ့ စင်တင်မင်းသမီးချောလေး တစ်ယောက်ဖြစ်ပါတယ်။ အနေအေးပြီး စကားနည်းတဲ့ မင်းသမီးလေး တစ်ယောက်ဆိုလည်း မမှားပါဘူး။ ပရိသတ်ကို ဆွဲဆောင်နိုင်တဲ့ အချက်ကတော့ ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးတွေ၊ အပြုံးလေးတွေကို ပိုပြီးတော့ သတိထားမိစေခဲ့တာပါပဲ။ သူမဟာ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေရသူဖြစ်သလို တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်။
Share