ဒီနေ့မနက် (၈)နာရီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ကနေ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ နှစ်ဦးရှိခဲ့ပြီး နွယ်အေးရပ်ကွက် ၊ သဇင်နွယ်လမ်း နဲ့ စကားဝါလမ်းမှာ နေထိုင်သူ အမျိုးသားနှစ်ဦး ဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ် ။
အမျိုးသားနှစ်ဦးလုံးက ပြည်ပခရီးသွားရာဇဝင်မရှိ ၊ ရခိုင်ပြည်နယ်သို့ ခရီးသွားလာခြင်းမရှိ ၊ ပိုးတွေ့လူနာနဲ့ထိတွေ့မှုရာဇဝင်မရှိသူတွေဖြစ်ပြီး ရောဂါလက္ခဏာတွေပြသရာကနေ ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် ထားရှိခဲ့တယ်လို့ တာဝန်ရှိသူရဲ့ ပြောကြားချက်အရသိရပါတယ် ။
ဓာတ်ပုံ-သားကြီး(စကားဝါလမ်းကို အသွားအလာကန့်သတ်မှုပြုလုပ်ထားစဉ်)
" တစ်ယောက်ကတော့ အခုမှလိပ်စာအတိအကျလိုက်နေတုန်း။သူက နေမကောင်းလို့ဆိုပြီး ရန်ကုန်ဆေးရုံကြီးကို သူ့ဘာသာသွားပြတာ ။ နောက်တစ်ယောက်ကတော့ ကင်မရာမင်းခေါ််မလား ၊ ဓာတ်ပုံဆရာခေါ်မလားမသိ ။ အနံ့မရလို့ သာကေတ fever clinicကိုသွားပြတယ်။ အဲဒီက အကြောင်းကြားလို့ ကျွန်တော်တို့က ဂန္ဒီဆေးရုံပို့တယ် ။ ဆေးပေးပြီး အိမ်မှာပဲ နေခိုင်းထားတယ် ။ အဲဒါကို အနံ့ပျောက်လို့ဆိုပြီး ဂန္ဒီဆေးရုံကနေ နားနှာခေါင်း လည်ချောင်းကိုလွှဲတယ် ။ အဲဒီမှာ စစ်တော့ အခုပိုးတွေ့တာ " လို့ ဒေါပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထွန်းက Duwun ကို ပြောပါတယ် ။
ဒေါပုံမြို့နယ်က လူနာနှစ်ဦးမှာ လူနာအမှတ် ၉၂၀ နဲ့ ၉၂၁ တို့ဖြစ်ပြီး တစ်ဦးက ၃၄ နှစ်ဖြစ်ကာ နောက်တစ်ဦးက ၂၅ နှစ်ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ယနေ့ မနက် ၁၁ နာရီထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ-သားကြီး(စကားဝါလမ်းကို အသွားအလာကန့်သတ်မှုပြုလုပ်ထားစဉ်)
လက်ရှိမှာတော့ ပိုးတွေ့လူနာနှစ်ဦးနဲ့ ထိတွေ့မှုရှိသူများကို စုံစမ်းနေဆဲဖြစ်ပြီး ဓာတ်ပုံဆရာ အမျိုးသားကတော့ ဖျာပုံမြို့ နဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့တို့ကို ခရီးသွားလာခဲ့တယ်လို့ ကနဦးစုံစမ်းချက်တွေအရ သိရပါတယ် ။
ပိုးတွေ့လူနာနှစ်ဦး နေထိုင်ခဲ့တဲ့ သဇင်နွယ်လမ်းနဲ့ စကားဝါလမ်းကိုတော့ လက်ရှိမှာ အသွားအလာကန့်သတ်ထားပြီး Lock Down ပြုလုပ်ထားတယ်လို့ သိရပါတယ် ။