မဆင့်ရဲ့ အမှုမှာ သူ့အတွက်လည်း အရမ်းစိတ်မကောင်းသလို၊ သားဖြစ်သူကိုလည်း အရမ်းချစ်လို့ ဥပဒေဘောင်အတွင်းကပဲ ပါဝင်ဆောင်ရွက်သွားမှာပါ။
Photo: Zin Yaw Mg Mg
မေသန်းနု ကို တရားလို ဒေါ်စန်းစန်းမြင့်ဟာ ရန်ကင်းတရားရုံးမှာ ပုဒ်မ ၄၂၀ နဲ့ တရားစွဲဆိုထားရုံသာမက ၊ နောက်တိုးတရားခံအဖြစ် သင်္ဃန်းကျွန်းတရားရုံးမှာပါ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ ဇနီးဟောင်းဖြစ်သူ မေသန်းနုရင်ဆိုင်နေရတဲ့ ငွေကြေး အမှုကိစ္စတွေနဲ့ပတ်သက်ပြီး ဖြေရှင်းပေးသွားမယ်လို့ ဒါရိုက်တာစင်ရော်မောင်မောင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြောပြခဲ့ပါတယ်။ ဒီအမှုကိစ္စမှာ တရားလိုဘက်က တရားမျှတမှုမရှိတဲ့ အတွက် သူကိုယ်တိုင်ပါဝင်ခဲ့တယ်လို့ ဒီနေ့(ဖေဖော်ဝါရီလ ၂၅ရက်) မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပြခဲ့ပါတယ်။
“ ဥပဒေဘောင်အတွင်းကပဲ ဖြစ်သင့်၊ ဖြစ်ထိုက်တာကို ကျွန်တော်တို့ ကြိုးစားရမယ်။ ဒီအမှု၊ ဒီဖြစ်စဉ်တွေဟာ တရားလိုဘက်က လုပ်တာ၊ ကိုင်တာ Fair မဖြစ်ဘူးထင်လို့ ကျွန်တော် ဝင်ရောက်လာခြင်းပဲဖြစ်ပါတယ်။ ကျွန်တော့် ရှေ့နေတွေကလည်း သမာသမတ်ကျတယ်၊ ဥပဒေအတိုင်းပဲသွားတယ်၊ အတွေ့အကြုံတွေလည်းရှိတယ်ဆိုတော့ ကျွန်တော်တို့ကောင်းကောင်းဆိုးဆိုး ခံဖို့ပဲရှိတယ်” လို့ သူက ပြောပါတယ်။
Photo: Zin Yaw Mg Mg
ဒါရိုက်တာ စင်ရော်မောင်မောင်ဟာ မေသန်းနုကို တရားစွဲဆိုထားတဲ့ ဒေါ်စန်းစန်းမြင့် နဲ့ ညှိနှိုင်းဖို့အတွက် စီဒိုးနားဟိုတယ်မှာ တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။ နှစ်ဖက် သက်သေတွေ၊ ရှေ့နေတွေနဲ့ အတူ ငွေကြေး ကိစ္စတွေ ညှိနှိုင်းခဲ့ကြပေမယ့် အဆင်မပြေခဲ့ဘူးလို့ သူက ဆိုပါတယ်။ သားဖြစ်သူ မင်းသန့်မောင်မောင်ကလည်း ဒေါ်စန်းစန်းမြင့်ကို လက်အုပ်ချီပြီး တောင်းပန်ခဲ့တာတောင် အဆင်မပြေခဲ့ဘူးလို့ဆိုပါတယ်။
“ကျွန်တော်တို့ကို သူက တောင်းတယ် သိန်း ၁၂၅၀ တောင်းတယ်။ ကျွန်တော်က သိန်း ၆၀၀ စပေးတယ် မရဘူး။ ဒါတွေဟာ ထောင်ကျသွားတဲ့ ရန်ကင်းက အမှုရယ်၊ ကမာရွတ်က သိန်း ၆၂၅ ရယ်ပဲ ပါတယ်တဲ့။နောက်တိုး တရားခံအမှုကိုပါ ထည့်ထားတာမပါဘူးတဲ့။ အခု တရားရုံးမှာ ချက်ချင်းလျော်ရမယ့် သိန်း ၃၂၀ ကိုချက်ချင်းပေးမယ်။ ကျန်တဲ့ပိုက်ဆံကို ၃ လနေရင် အပြီးပေးမယ်ဆိုပြီးတော့ တစ်ခါတည်း အာမခံခဲ့တယ်။ ကျွန်တော် မရမက ဖြေရှင်းမယ်။ အိမ်မှာ အမြဲတမ်း ဝင်ထွက်သွားလာနေတဲ့လူက သားတောင်းပန်နေတာတောင် မရဘူး။ သိန်း ၁၂၅၀ တောင်းတယ်၊ သိန်း ၁၁၅၀ တောင်းတယ်။ ကျွန်တော် ကားပေါ်တက်တဲ့အထိ သိန်း ၁၁၀၀ ပဲပေးဆိုပြီးတော့ပြောတယ်။ ကိုဂျွန်လွင်နဲ့ ထပ်ညှိခိုင်းသေးတယ်။ ကိုဂျွန်လွင်က ၈၀၀ အထိပေးတယ်။ ဒါပေမယ့် မရဘူး။ ဒါကြောင့် ဥပဒေအရ ဆက်သွားဖို့ ပြင်ဆင်တယ်။ ကျွန်တော်တို့ အမှုကို ရင်ဆိုင်မယ်။ ဥပဒေအရ တရားရုံးမှာ ရင်ဆိုင်မယ်လို့ ဆုံးဖြတ်လိုက်ပြီး ရှေ့နေတွေနဲ့ တရားရုံးကို သွားတဲ့အချိန်မှာ သူက မေသန်းနုကို ပြစ်ဒဏ် ထပ်တိုးပေးဖို့တောင်းဆိုတယ်။ သင်္ဃန်းကျွန်းမှာလည်း နောက်တိုး တရားခံအဖြစ်ထည့်ထားတယ်။ သင်္ဃန်းကျွန်းကိုလာရင် မီဒီယာတွေ ခေါ်လာတယ်။ ပြီးရင် မဆင့်အချုပ်ကားပေါ်က ဆင်း၊ တရားရုံးထဲဝင်တဲ့ ကဒ်တွေကို ရိုက်ခိုင်းတယ်။ ကျွန်တော်တို့ သားအဖ စိတ်ဆင်းရဲရင် သူ့အနေနဲ့ ညှိလို့ကောင်းတယ်ဆိုတဲ့ ပုံစံမျိုးလုပ်တယ်။ ဒီအမှုကို ပါလာတာ ကျွန်တော့် သားကို ချစ်လို့ ပါလာတာ” လို့ သူကဆိုပါတယ်။
Photo: Zin Yaw Mg Mg
သားဖြစ်သူ မင်းသန့်မောင်မောင်ကလည်း မိခင်ဖြစ်သူ မေသန်းနုအတွက် အရမ်းခံစားနေရတာကို ဖခင်တစ်ယောက်အနေနဲ့ မကြည့်ရက်ဘူးလို့ စင်ရော်မောင်မောင်က ပြောပါတယ်။
“မဆင့်ဆီကနေ ထောင်ကျသွားပြီ ခဏနေရင် အချုပ်ကားပေါ်တက်ရတော့မယ်လို့ သိလိုက်ရတဲ့အချိန်မှာ ကျွန်တော့်ရှော့ခ်ဖြစ်သွားတယ်။ သားကိုခေါ်ပြီးတော့ ချက်ချင်းပဲ ရန်ကင်းတရားရုံးကိုသွားတယ်။ သားနဲ့သူနဲ့ ဖြစ်စဉ်ကိုကြည့်လိုက်ရတဲ့အချိန်မှာ တော်တော်ကြေကွဲခဲ့ရတယ်။ နောက်တစ်နေ့ ထောင်ဝင်စာသွားတွေ့ပါသေးတယ်။ အဓိက ကတော့ ကျွန်တော်အရမ်းချစ်ရတဲ့ သား ခံစားနေရတဲ့ မြင်ကွင်း၊ ပြီးတော့ အကယ်ဒမီ ငါးထပ်ကွမ်းအထိ နှစ်ပေါင်းများစွာ ကျွန်တော်နဲ့အတူနေလာတဲ့ မိန်းမတစ်ယောက်က အင်းစိန်ထောင်ကြီးထဲမှာ အချုပ်အနှောင်နဲ့ အခြေအနေကို မြင်ရတာ အရမ်း စိတ်မကောင်းဖြစ်ရတယ်။ ဒါကြောင့် ဒီအမှုကို ကျွန်တော်ဝင်မယ်၊ ကျွန်တော့်မှာရှိတဲ့ မီးကုန်ယမ်းကုန် ရှိတာအကုန်လုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်” သူက ဆိုပါတယ်။
Photo: Zin Yaw Mg Mg
မေသန်းနုကတော့ လက်ရှိမှာ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ရန်ကင်းတရားရုံးက ထောင်ဒဏ် တစ်နှစ် ကျခံဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ သူမကို တရားစွဲဆိုထားတဲ့ ဒေါ်စန်းစန်းမြင့်ကလည်း သင်္ဃန်းကျွန်းတရားရုံးမှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရာဇသတ်ကြီးမှုအမှတ် ၂၇၅/၁၇၊ပုဒ်မ ၄၂၀ နဲ့ နောက်တိုးတရားခံအဖြစ် စွပ်စွဲထားတာဖြစ်ပြီး ကမာရွတ် တရားရုံးမှာလည်း မေသန်းနုကို ထပ်မံ တရားစွဲဆိုထားသေးတယ်လို့ သိရပါတယ်။ သူမအတွက် အနုပညာအသိုင်းအဝိုင်း ကရော၊ ပရိသတ်တွေ၊ မိသားစုတွေကပါ စိတ်မကောင်းဖြစ်လို့နေပါတယ်။
Share