ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၆) ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ဇေယျာလွင်၊ ပိုင်ရဲသူ၊ ပိုင်ဖြိုးမင်းနဲ့ ဆုရတနာမြင့် (၄) ဦးကို ဒီကနေ့ ဒီဇင်ဘာ (၁၁) ရက် မှာ မရမ်းကုန်းမြို့နယ်တရားရုံးက ထောင်ဒဏ် (၆) လစီ အမိန့်ချမှတ်ခဲ့တယ်လို့သိရပါတယ်။
တရားခွင်မှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က သံချပ်တွေ ဖျော်ဖြေရာမှာ တပ်မတော်ကို ရည်ညွန်းခြင်းမရှိသလို ထိခိုက်နစ်နာစေလိုခြင်းမရှိဘူးလို့ ထွက်ဆိုခဲ့ပေမယ့် စာသားတွေ၊ ဓာတ်ပုံတွေကတော့ တပ်မတော်ကို ရည်ညွှန်းကြောင်း သိသာနေတယ်လို့ တရားလို ဖြစ်သူ ဒုဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားရုံးအထွက်မှာ ပြောသွားခဲ့ပါတယ်။
“ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၆) (ဃ) ကိုဖောက်ဖျက်ကျုးလွန်ကြောင်း ပေါ်ပေါက်လို့ ရုံးတော်က ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ပါတယ်” လို့ ဒုဗိုလ်မှူးကြီး သန်းထွန်းမြင့်က ဆိုပါတယ်။
သံချပ်ထိုးရာမှာ တပ်မတော်ကို ထိခိုက်စေတဲ့ စာသားတွေပါဝင်တယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး သန်းထွန်းမြင့်က ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ပုဒ်မ (၅၀၅) (က)၊ ၆၆ (ဃ) တို့နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ (၃၁) ရက်ကတော့ ပုဒ်မ ၅၀၅ (က) အမှုမှာ တရားစွဲခံထားရတဲ့ သံချပ်အဖွဲ့ဝင် ဇေယျာလွင်၊ ပိုင်ရဲသူ၊ ပိုင်ဖြိုးမင်း၊ ဖိုးသား (ခ) ဇော်လင်းထွန်းနဲ့ ကေခိုင်ထွန်းတို့ (၅) ဦးကို အလုပ်နဲ့ ထောင်ဒဏ် (၁) နှစ်စီ မရမ်းကုန်းမြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။
ဒီနေ့ ဒီဇင်ဘာ (၁၁) ရက်မှာ ကျန်ရှိတဲ့ ပုဒ်မ ၆၆ (ဃ) အမှုနဲ့ပတ်သက်ပြီး အမိန့်ထပ်မံချခဲ့တာဖြစ်ပါတယ်။
'' ပုဒ်မ၅၀၅ (က) အမှု ထောင်ဒဏ် (၁) နှစ်ချထားရာမှာ ချုပ်ရက်ခံစားခွင့်ရှိထားတဲ့အတွက် အခု (၆၆) ဃ အမှုမှာတော့ခံစားခွင့်ထပ်မရတော့ဘူး။ လျှော့ရက်တော့ ရှိနိုင်တယ်။ ကျောင်းသားတွေသဘောထားကိုမေးပြီး အယူခံဝင်ဖို့ရှိတယ်'' လို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်ဘက်မှ လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၈) ရက်တုန်းကလည်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် (၆) ဦးကိုလည်း အလုပ်နဲ့ ထောင်ဒဏ် (၁) နှစ်စီ ကျခံစေဖို့ ဗိုလ်တစ်ထောင်မြို့နယ်တရားရုံးက အမိန့်ချမှတ်ထားခဲ့ပါတယ်။
တပ်မတော်ကနေ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို အမှု ပေါင်း (၈) မှုနဲ့ တရားစွဲဆိုထားပြီး လက်ရှိမှာတော့ မရမ်းကုန်းမြို့နယ်မှာ ပုဒ်မ (၅၀၅) (က) နဲ့ တစ်မှု၊ ပုဒ်မ ၆၆ (ဃ) နဲ့ တစ်မှု ၊ ဗိုလ်တစ်ထောင်မြို့နယ်မှာ ပုဒ်မ (၅၀၅) (က) နဲ့ တစ်မှု စုစုပေါင်း (၃) မှုကို အမိန့်ချမှတ်ပြီးဖြစ်ပါတယ်။
ဗိုလ်တစ်ထောင်မြို့နယ်၊ ပုသိမ်မြို့နဲ့ ဖျာပုံမြို့နယ်တို့မှာလည်း ဆက်လက်တရားရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကတော့ နောက်ထပ်ကျန်ရှိတဲ့အမှုတွေမှာ ဆက်ပြီး ပူးပေါင်းတော့မှာ မဟုတ်ဘဲ တရားစီရင်ရေးကို သပိတ်မှောက်မယ်လို့ တရားစွဲခံရသူ ဆုရတနာမြင့်က တရားရုံးအထွက်မှာ ပြောသွားခဲ့ပါတယ်။
“ ကျွန်မတို့ ကတရားမျှတမှုကို လိုလားလို့ တရားရုံးတွေနဲ့ ပူးပေါင်းခဲ့တယ်။ ကျွန်မတို့ လိုချင်တဲ့ တရားမျှတမှုကို တရားရုံးတွေကမပေးသလို တရားသူကြီးတွေကလည်း မပေးဘူး။ တရားစီရင်ရေးကို သပိတ်မှောက်ပါမယ်” လို့ ပြောဆိုသွားခဲ့တာပါ။
Share