ထရင့် အလက်ဇန်းဒါး အာနိုးရဲ့ မျက်နှာဟာ အင်္ဂလန်ဂန္တဝင် ဒေးဗစ် ဘက်ဟမ်းက လီဗာပူးလ်နောက်ခံကစားသမားဟာ ဘောလုံးကို ဖြတ်တင်ပေးနိုင်တယ်လို့ ပြောကြားခဲ့တဲ့အချိန်မှာ အားပါးတရ ပြုံးနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းဟာ စနေနေ့မှာ ပြင်သစ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် အယ်လ် ဝါခရာက အင်္ဂလန်လေ့ကျင့်ရေးခန်းကို လာရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ FA က ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ ဘက်ဟမ်းဟာ လီဗာပူးလ်နောက်ခံလူကို စကားပြောနေခဲ့တာဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် နောက်ခံကစားသမားကို အလွတ်တည်ကန်ဘောနဲ့ ဖြတ်တင်ဘောတွေ ကန်ပုံကန်နည်း အကြံပေးမှုအချို့ ပြုလုပ်နေခဲ့တာကို ကြားခဲ့ရပါတယ်။
"ငါ ယူနိုက်တက်မှာ ရှိခဲ့တဲ့အချိန်တုန်းက ဖာဂူဆန်က ငါ့ကို ကူညီပေးနေကျပါ။ သူက ငါ့ရဲ့ ပြေးထွက်ပုံ ဒါမှမဟုတ် ဘောလုံးကန်တင်ပုံကို နည်းနည်းလေး သဘောမကျရင် ငါ့ကို ပြန်လုပ်ခိုင်းတယ်။ သူက ငါ ဘာအမှားလုပ်နေတယ်ဆိုတာကို အတိအကျသိနေတယ်။ အဲဒီတော့ ငါက တူညီတဲ့လေ့ကျင့်မှုကို ထပ်ခါထပ်ခါ ပြန်လုပ်ရတာပေါ့။ အဲဒါက ဘယ်တော့မှ မပြောင်းလဲဘူး"လို့ ဘက်ဟမ်းက ပြောကြားခဲ့ရာမှာ အလက်ဇန်းဒါး အာနိုးက "တောင်ပံနှစ်ဖက်စလုံးမှာလား"လို့ မေးခဲ့တာကို ဘက်ဟမ်းက ဟုတ်မှန်ကြောင်း ပြန်ပြောခဲ့ပါတယ်။
အလွတ်တည်ကန်ဘောတွေအတွက် ပိုပြီး သဘောကျတဲ့ ဘက်ရှိလားလို့ မေးမြန်းခဲ့ရာမှာ မန်ချက်စတာယူနိုက်တက်ဂန္တဝင်က "အဲဒီလိုတော့ မရှိပါဘူး။ ငါ အန်းဖီးမှာတုန်းက တစ်ခါ ဂျေမို(ဒေးဗစ် ဂျိမ်းစ်)ကို တစ်ဂိုးသွင်းဖူးတယ်။ ဘောလုံးက လူတံတိုင်းပေါ်က ကျော်ပြီး တခြားဘက်ကို ဝင်သွားခဲ့တာ။ ပြောရမယ်ဆိုရင် ၂ ဖက်စလုံးကို ကြိုက်တယ်ပေါ့။ အဆက်အပြတ် လေ့ကျင့်နေရမယ်။ အဲဒါက အရေးကြီးတယ်။ အဲဒါက အရမ်းအရေးကြီးတယ်"လို့ ဘက်ဟမ်းရဲ့ပြောဆိုမှုကို အာနိုးက "အဲဒါက ပုံမှန်လုပ်ရိုးလုပ်စဉ်နဲ့ ထပ်ခါထပ်ခါ လုပ်ဆောင်မှုပေါ့"လို့ ထောက်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။
ပြီးတဲ့နောက်မှာ ဒေးဗစ် ဘက်ဟမ်းက လီဗာပူးလ်နောက်ခံလူကို "မင်းလည်း အဲဒါကို လုပ်နေတာ သိသာပါတယ်။ အဲဒီတော့ မင်း ဘာလုပ်နေနေ ဆက်သာလုပ်နေကွာ။ ဘာလို့လဲဆိုတော့ မင်းက ဘောလုံးကို ဖြတ်တင်ပေးပို့နိုင်လို့ပဲ"လို့ ပြောကြားခဲ့ချိန်မှာတော့ အလက်ဇန်းဒါး အာနိုးက ကျေနပ်တဲ့အပြုံးနဲ့ တုံ့ပြန်ခဲ့ပြီး ဒီအခိုက်အတန့်ဟာ ကင်မရာက ရိုက်ကူးနိုင်ခဲ့တဲ့ ကြည်နူးစရာအကောင်းဆုံး အခိုက်အတန့် ဖြစ်ခဲ့တာဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေက ဒေးဗစ် ဘက်ဟမ်းနဲ့ အာနိုးတို့ ၂ ဦးရဲ့ စကားပြောဆိုမှုကို တုံ့ပြန်ခဲ့ကြပြီး ပရိသတ်တစ်ဦးက "ဘက်ဟမ်းက ထရင့်ကို စကားပြောနေတာ မြင်ရတာ ကောင်းလိုက်တာ။ သူက သူ့ကို အရမ်းလိုအပ်နေတဲ့ ယုံကြည်ချက်မျိုး ပေးနေတာပဲ"လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်တစ်ဦးကလည်း "ဘက်ဟမ်းဆီကနေ ချီးကျူးမှုကြောင့် မြင်ဖူးသမျှထဲက ထရင့်ဆီကနေ အကြီးမားဆုံးအပြုံးကို ငါ မြင်ခဲ့ရတယ်။ ဂန္တဝင်ကြီး"လို့ မှတ်ချက်ပေးခဲ့ပါတယ်။
အင်္ဂလန်နဲ့ ပြင်သစ်အသင်းတို့ဟာ စနေနေ့မှာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ ရေကုန်ရေခမ်း ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပြီး ပြင်သစ်တွေဟာ လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကို ကာကွယ်နေတာ ဖြစ်ပါတယ်။