ဟိုတယ်မှာပဲ Quarantine ဆက်ဝင်နေပါတယ်။

COVID 19 ရောဂါကူးစက်ခံခဲ့ရတဲ့ ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားဟာ ဆေးရုံကဆင်းခွင့်ရရှိသွားပြီးနောက် ဟိုတယ်တစ်ခုမှာ Quarantine ဆက်ဝင်နေရတယ်လို့ သိရပါတယ်။

နှစ်ချုပ်နဲ့ ငှားရမ်းထားတဲ့ နေအိမ်မှာ Quarantine ဆက်ဝင်ဖို့ စီစဉ်ခဲ့ပေမယ့် ရပ်ကွက်နေ ပြည်သူလူထုက လက်မခံတာကြောင့် ဟိုတယ်တစ်ခုမှာ Quarantine ဝင်နေရတာဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ 



“ ဒေးဗစ်လားနဲ့ ပတ်သက်ပြီးတော့ တောင်ဥက္ကလာပမြို့နယ်ထဲက ဆက်စပ်တဲ့သူတွေအပါအဝင် ဇီဇဝါအိမ်ယာပါ lock down လုပ်ခဲ့ရတာတွေရှိခဲ့တော့ ရပ်ကွက်နေပြည်သူလူထုကလည်း ဒေးဗစ်လားနဲ့ပတ်သက်ပြီး တော်တော်ကြောက်သွားကြတာလည်းပါသလို၊ စိုးရိမ်မှုတွေလည်းရှိနေကြတာဖြစ်ပါတယ်။ အခုဒေးဗစ်လားက ဆေးရုံကဆင်းခွင့်ရပြီး တောင်ဥက္ကလာထဲကသူနှစ်ချုပ်နဲ့ ဌားထားတဲ့ နေအိမ်မှာပဲ (၂၁) ရက် Quarantine ဝင်ပြီး ဆက်နေမယ်ဆိုတော့ ပြည်သူလူထုကလည်း သူတို့လက်မခံနိုင်တဲ့အကြောင်း ကျွန်တော်တို့ကိုတင်ပြတော့ ကျွန်တော်တို့ကလည်း အများဆန္ဒအတိုင်းလိုက်လုပ်ပေးတာပါ” လို့ တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့် က Duwun ကိုပြောပါတယ်။ 

ရပ်ကွက်နေပြန်သူလူထုရဲ့ ဆန္ဒကြောင့် ဒေးဗစ်လားကို တောင်ဥက္ကလာပမြို့နယ်က နေအိမ်မှာ နေထိုင်ခွင့်မပြုတော့ဘဲ ဗိုလ်တစ်ထောင်က ဟိုတယ်တစ်ခုမှာပဲ Quarantine(၂၁) ရက်ဆက်ဝင်နေတယ်လို့ ဦးမိုးမြင့် ကပြောပါတယ်။

တရားဟောဆရာ ဒေးဗစ်လားက COVID 19 ဖြစ်ပွားစဉ်ကာလအတွင်း နိုင်ငံတော်က ချမှတ်ထားတဲ့ လမ်းညွှန်ချက်ကို ဖောက်ဖျက်ပြီး လူစုလူဝေးနဲ့ ဘာသာရေးပွဲတစ်ခုကိုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဘာသာရေးပွဲကနေတစ်ဆင့် ရောဂါကုးစက်ခံရသူတွေ ဆင့်ပွားဖြစ်ပေါ်ခဲ့ပြီး အင်းစိန်မြို့နယ်တွင်းမှာလည်း ကူးစက်ခံရသူဦးရေဟာ မြင့်တက်လျှက်ရှိပါတယ်။ 

ဒါကြောင့် စောဒေးဗစ်လားကို နိုင်ငံတော်က ချမှတ်ထားတဲ့ လမ်းညွှန်ချက်ဖောက်ဖျက်မှုနဲ့ မရမ်းကုန်းမြို့နယ်နဲ့ အင်းစိန်မြို့နယ်တို့မှာ အမှုဖွင့်အရေးယူထားတာပါ။ လက်ရှိမှာ သူ့ရဲ့ ကျန်းမာရေးအခြေအနေကလည်း ကောင်းမွန်လာပြီဖြစ်သလို Quarantine (၂၁)ရက်ပြည့်ပြီးရင်တော့ အမှုနဲ့ပတ်သက်ပြီး တရားဥပဒေအရ လုပ်ဆောင်စရာတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါလို့ တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့် ကပြောပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က