သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅)ဖြင့် အမှုဖွင့်အရေးယူခံထားရတဲ့ တရားဟောဆရာဒေးဗစ်လားကို ဒီကနေ့ မေလ (၂၀)ရက်နေ့က မရမ်းကုန်း မြို့နယ်တရားရုံးမှာ ပထမဆုံးရုံးထုတ်ခဲ့ပါတယ်။ ဒေးဗစ်လားက ရောဂါပျောက်ကင်းလို့ ဆေးရုံကဆင်းပြီးနောက် Hotel Quarantine ရက်ပြည့်လို့ ဟိုတယ်ကထွက်တဲ့နေ့မှာပဲ ရုံးချိန်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အမှုဖွင့်အရေးယူထားတဲ့ ပုဒ်မ(၂၅)က အာမခံမရသလို အများဆုံး ထောင်(၃)နှစ်အထိ ကျခံရနိုင်တယ်လို့သိရပါတယ်။
“ ဦးစောဒေးဗစ်လားကို တရားစွဲဆိုတင်ပို့နိုင်တဲ့ကိစ္စပြီးတာနဲ့ ကျန်တဲ့ ရဲလုပ်ငန်းတွေဆောင်ရွက်နိုင်အောင် သူ့ကို ဒီနေ့ကနေပြီးတော့ ၆လပိုင်း ၃ရက်နေ့ထိ အင်းစိန်အကျဉ်းထောင်မှာချုပ်ထားဖို့ ချုပ်မိန့်တောင်းဆိုရာမှာ ချုပ်ထားခွင့်ပြုခဲ့ပါတယ်။ သူ့ကို အမှုမစစ်ဆေးခင်အထိ အင်းစိန်မှာပဲ ချုပ်ရက် ရမန် (၁၅)ရက်ထားရှိသွားမယ်”လို့ မရမ်းကုန်းမြို့နယ်တရားသူကြီး ဦးညွန့်ဆွေကပြောပါတယ်။
တရားဟောဆရာ ဒေးဗစ်လားအား မရမ်းကုန်းမြို့နယ် တရားရုံးသို့ ခေါ်ဆောင်လာစဉ်။ (ဓာတ်ပုံ - ဝင်းလွင်)
တရားဟောဆရာဒေးဗစ်လားအပါအဝင် (၄)ဦးကို COVID ကာလအတွင်း နိုင်ငံတော်ကချမှတ်ထားတဲ့လူစုလူဝေးမပြုလုပ်ရဆိုတဲ့ အမိန့်ကိုချိုးဖောက်ကာ ဘာသာရေးပွဲတစ်ခုကိုကျင်းပပြုလုပ်ခဲ့တဲ့အတွက် မရမ်းကုန်းမြို့နယ် (၇)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင်ကတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
"စွပ်စွဲခံရသူ ဦးစောဒေးဗစ်လား (ခ) ဒေးဗစ်လားကို အမှုစစ်ရဲအရာရှိက သူတို့ရဲ့ ရဲလုပ်ငန်းကို ဆောင်ရွက်ရန် ကျန်ပါသေးတယ်။ ဒါကြောင့်မို့လို့ ရဲရဲ့အမှုစစ်ဆေးစဉ် ကာလအတွင်းမှာ ၂၀.၅.၂၀၂၀ ရက်နေ့ကနေ ၃.၆.၂၀၂၀ ရက်နေ့အထိ ၁၅ ရက် အင်းစိန်အကျဉ်းထောင်မှာ ချုပ်ထားဖို့ ချုပ်မိန့်တောင်းလာလို့ ကျွန်တော့်အနေနဲ့ ချုပ်မိန့်ပေးလိုက်ခြင်း ဖြစ်ပါတယ်" လို့ မရမ်းကုန်းမြို့နယ် တရားရုံးက သတင်းနဲ့ ပြန်ကြာရေးအရာရှိ မြို့နယ်တရားသူကြီး ဦးမိုးဆွေက ပြောကြားခဲ့ပါတယ်။
၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ ၂၅ မှ မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲနဲ့ ပေါ့ဆစွာ ဆောင်ရွက်မှုတစ်ခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ်တစ်စုံတစ်ရာ ကျရောက်နိုင်သည်ကို သိလျက်နှင့်ဖြစ်စေ တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လျှင် သို့မဟုတ် ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို ၃ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်လို့ ပြဌာန်းထားတယ်လို့ သိရပါတယ်။