ဒိန်းမတ်က ကမ္ဘာ့အဆင့် ၁၈ နေရာမှာရှိနေခဲ့တာပါ။

ကမ္ဘာ့အဆင့် ၁၁၅ နေရာမှာ ရှိနေတဲ့ ကာဇက်စတန်ကတော့ မနေ့က ဒိန်းမတ်ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ပွဲမှာ အံ့အားသင့်ဖွယ်ရာ Come-Back နိုင်ပွဲကို ရယူပြသွားပြီး အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ ဒိန်းမတ်က တိုက်စစ်မှူးဟော့ဂျလန်းရဲ့ သွင်းဂိုး ၂ဂိုးနဲ့ ပွဲကို ဦးဆောင်နေခဲ့ပြီး သက်တောင့်သက်သာနဲ့ နိုင်ပွဲရမယ့် အနေအထားမှာရှိနေခဲ့တာပါ။ 

ကမ္ဘာ့အဆင့် ၁၈ မှာရှိနေတဲ့ ဒိန်းမတ်တို့ မျက်ကလူးဆန်ပြာဖြစ်ခဲ့ရပြီး ကာဇက်စတန်ရဲ့ နောက်ကျသွင်းဂိုးတွေကို တဂိုးပြီးတဂိုးခွင့်ပြုခဲ့ရကာ ထင်မှတ်မထားတဲ့ ရှုံးပွဲကို ရရှိသွားခဲ့ပါတယ်။ ပွဲချိန် ၂၁ မိနစ်နဲ့ ၃၅ မိနစ်မှာ ဟော့ဂျလန်းက ၂ဂိုးဆက်တိုက်သွင်းပြီး ဦးဆောင်နေခဲ့တာက ပွဲကစားချိန် ၇၃ မိနစ်အထိရှိခဲ့ပြီး အလှည့်အပြောင်းကတော့ ကာဇက်စတန်တို့ ပင်နယ်တီရသွားခဲ့တာပါပဲ။ 



ဒီပင်နယ်တီကို ဂိုးရအောင် ကန်သွင်းနိုင်ခဲ့ပြီးနောက် ကာဇက်စတန်က ကစားအားတက်လာပြီး ၈၆ မိနစ်မှာ နောက်ထပ်ချေပဂိုး၊ ၈၉ မိနစ်မှာ အနိုင်ဂိုးသွင်းပြီး နာမည်ကြီးဒိန်းမတ်ကို ငုတ်တုပ်မေ့စေခဲ့ပါတယ်။ သူတို့ရခဲ့တဲ့ ဒုတိယချေပဂိုးကတော့ တော်တော်လေးကောင်းမွန်ခဲ့ပြီး ၁၈ ကိုက်စည်းအပြင်ဘက်ကနေ အဝေးကန်ချက်နဲ့ ကန်သွင်းခဲ့ရာမှာ ရှမိုက်ကယ်တယောက် ဘာမှမတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာပါ။ 

ကာဇက်စတန်အတွက်တော့ ဒီနိုင်ပွဲဟာ သမိုင်းဝင်နိုင်ပွဲဖြစ်လာခဲ့ပါတယ်။ ကာဇက်စတန်က ဒိန်းမတ်နဲ့တွေ့တိုင်းမှာ အရေးနိမ့်နေနေခဲ့တာဖြစ်ပြီး နောက်ဆုံးလေးပွဲ ဆက်တိုက်တွေ့တိုင်းမှာ ရှုံးခဲ့ပါတယ်။ ပြီးတော့ ဒိန်းမတ်နဲ့မတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ၁၂ပွဲမှာ ၁ပွဲသာနိုင်ထားခဲ့တာပါ။ အခု နိုင်ပွဲကတော့ သူတို့အတွက် တကယ့်ကို အံ့မခန်းနိုင်ပွဲဖြစ်ခဲ့ပြီး အားလုံးကိုလည်း ပါးစပ်အဟောင်းသားဖြစ်စေခဲ့ရပါတော့တယ်။ 

Share

Loading Next Article...
က္က