အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ မတ်လ ၂၄ ရက်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အရက်အရောင်းဆိုင်များ ပြန်ဖွင့်ခဲ့ပြီးနောက် နာရီပိုင်းမျှအကြာမှာပင် ရဲတပ်ဖွဲ့က ပြန်ပိတ်ခိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။
COVID-19 ကူးစက်မှုဖြစ်ပွားမှုတွေ တရိပ်ရိပ် မြင့်တက်နေဆဲ အိန္ဒိယမှာ lockdown အစီအမံတွေကို စတင်ဖြေလျှော့ပေးထားတဲ့ ညွှန်ကြားချက်အသစ်များ ထုတ်ပြန်ခဲ့ပြီး ယနေ့ (မေ ၄ ရက်) စတင်သက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ညွှန်ကြားချက်အသစ်တွေအရ သီးသန့်အရောင်းဆိုင်အချို့နဲ့ ရုံးခန်းတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပါတယ်။
ယစ်မျိုးခွန်ဟာ အဓိက ဝင်ငွေအရင်းအမြစ်ဖြစ်နေတာကြောင့် အိန္ဒိယပြည်နယ်တွေက အရက်အရောင်းဆိုင်တွေကို ပြန်ဖွင့်ပေးရန် တွန်းအားပေးခဲ့ကြပါတယ်။ သို့သော် အရက်အရောင်းဆိုင်တွေရှေ့မှာ မြွေလိမ်မြွေကောက် လူတန်းရှည်တွေနဲ့ တိုးဝှေ့နေကြတဲ့ လူအုပ်စုတွေကို ဗီဒီယိုရိုက်ကူးထားတဲ့ မှတ်တမ်းတွေ ပျံ့နှံ့လာခဲ့ပါတယ်။
(Photo: PTI)
အရက်ဝယ်ယူသူတွေဟာ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာမှာ နေကြရန်နဲ့ ဆိုင်အတွင်း လူငါးဦးသာ ဝင်ရောက်ခွင့်ပြုရန် တင်းကျပ်တဲ့ စည်းမျဥ်းစည်းကမ်းတွေ ထုတ်ထားခဲ့ပေမဲ့လည်း ယခုကဲ့သို့ အရက်အရောင်းဆိုင်တွေမှာ လူတန်းရှည်နဲ့အတူ စုပြုံတိုးဝှေ့ ဝယ်ယူမှုတွေ တွေ့လာခဲ့ရတာ ဖြစ်ပါတယ်။ အရက်အရောင်းဆိုင်တွေမှာ လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီးနောက် ဒေလီအစိုးရအနေနဲ့ ပိုမိုတင်းကျပ်တဲ့ စည်းမျဥ်းကန့်သတ်ချက်တွေ လိုအပ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီး Harsh Vardhan က ပြောပါတယ်။
(Photo: NDTV)
အိန္ဒိယမှာ အရက်အရောင်းဆိုင်တွေ ပြန်ဖွင့်ပြုခဲ့တဲ့ ပြည်နယ်များအနက် ဒေလီလည်း အပါအဝင်ဖြစ်ပြီး နိုင်ငံအတွင်း အခြား ပြည်နယ်တွေမှာလည်း အလားတူ ဖြစ်ရပ်တွေ ရှိခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယတောင်ပိုင်း ကာနာတာကာပြည်နယ်မှာလည်း မနက်ပိုင်း အလွန်စောစီးတဲ့အချိန်ကတည်းက အရက်ဆိုင်တွေအပြင်မှာ တန်းစီစောင့်ဆိုင်းနေတဲ့ လူတန်းရှည်တွေကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒေလီပြည်နယ်ဝန်ကြီးချုပ် Arvind Kejriwal ကတော့ ဒေလီမြို့တော်မှာ ကန့်သတ်မှုတွေကို ဖြေလျှော့ပေးရန် အချိန်ကျပြီဖြစ်ကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ နေထိုင်ရန် သင်ယူခဲ့ပြီးချိန်ဖြစ်တယ်လို့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။
အိန္ဒိယမှာ COVID-19 တိုက်ဖျက်ရေး lockdown စီမံဆောင်ရွက်မှုတွေကြောင့် စီးပွားရး သိသာစွာ နှေးကွေးနေခဲ့ရာ ပိတ်ပင်ကန့်သတ်မှုတွေကို တစ်စိတ်တစ်ပိုင်း ဖြေလျှော့ပေးရန် ဖိအားပေးမှုတွေ ရှိနေခဲ့ပါတယ်။ အိန္ဒိယမှာ လူများ ထိတွေ့မှုနည်းရန် ခပ်ခွာခွာနေစေခြင်းက အမှန်တစ်ကယ် စိန်ခေါ်မှုတစ်ခုလည်း ဖြစ်နေပါတယ်။ ယနေ့ (မေ ၄ ရက်) ညပိုင်းအထိ စာရင်းတွေအရ အိန္ဒိယမှာ COVID-19 ကူးစက်ခံရသူ ၄၂,၈၃၆ ဦး၊ သေဆုံးသူ ၁,၃၉၅ ဦးနဲ့ ပြန်လည်သက်သာသူ ၁၁,၇၈၂ ဦးရှိခဲ့ကြောင်း သိရပါတယ်။
Source: India Today, NDTV, BBC