အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေကို ထောက်ခံသူနဲ့ ကန့်ကွက်သူများကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားနေခဲ့ပြီး လက်ရှိအချိန်အထိ လူ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။
(Photo: AFP)
အကြမ်းဖက်ဆန္ဒပြ အဓိကရုဏ်းများအတွင်း သေနတ်ဒဏ်ရာရသူ ၆၀ ဝန်းကျင် အပါအဝင် လူ ၂၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဒဏ်ရာရသူအများစုကို ကုသပေးခဲ့တဲ့ ဆေးရုံရဲ့ ဆေးရုံအုပ်က ယနေ့ (ဖေဖေါ်ဝါရီ ၂၆ ရက်) ပြောပါတယ်။ အိန္ဒိသတင်းဌာန Press Trust of India (PTI) က ဆေးရုံတာဝန်ရှိသူတွေကို ကိုးကားဖော်ပြမှုအရ ဒဏ်ရာရသူ ၂၀၀ ကျော်အနက် လေးပုံတစ်ပုံဝန်းကျင်ဟာ ရတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့လည်း သိရပါတယ်။
ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများနဲ့ မီးခိုးဗုံးများသုံးခဲ့ပေမဲ့ ကျောက်ခဲများဖြင့် ပစ်ပေါက်နေတဲ့ လူအုပ်စုကို လူစုခွဲရန် ရုန်းကန်ခဲ့ရပါတယ်။ ယခုဖြစ်ရပ်ဟာ အိန္ဒိယမြို့တော် ဒေလီမှာ ဆယ်စုနှစ်များအတွင်း လူသေဆုံးမှုအများဆုံး အကြမ်းဖက်ဖြစ်ရပ်လည်း ဖြစ်လာခဲ့ပြီး အိန္ဒိယသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ပထမဆုံး တရားဝင် အလည်အပတ်ခရီးစဥ်နဲ့လည်း တိုက်ဆိုင်နေခဲ့ပါတယ်။
(Photo: Reuters)
နိုင်ငံသားဥပဒေကို ထောက်ခံသူနဲ့ ကန့်ကွက်သူများကြား တနင်္ဂနွေနေ့ (ဖေဖေါ်ဝါရီ ၂၃ ရက်) မှစပြီး ထိပ်တိုက်တွေ့ ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။ ထိပ်တိုက်တွေ့မှုတွေဟာ ဒေလီမြို့ အရှေ့မြောက်ဘက်ရှိ မွတ်စလင်မ်အများစုနေထိုင်ကြတဲ့ နေရာတွေမှာ ဖြစ်ပွားခဲ့ပြီး အမေရိကန်သမ္မတထရန့်နဲ့ အိန္ဒိယခေါင်းဆောင်များ အစည်းအဝေးပြုလုပ်တဲ့ မြို့လယ်နေရာမှ ၁၁ မိုင်အကွာမှာလည်း ဖြစ်ပါတယ်။
ထိုနေရာတွေမှာ နေထိုင်ကြတဲ့ ဒေသခံအချို့ကတော့ နေအိမ်စွန့်ခွာသွားကြတဲ့ သတင်းတွေထွက်ပေါ်နေကြောင်း BBC က ပြောပါတယ်။ ရဲတပ်ဖွဲ့က ယမန်နေ့ (ဖေဖေါ်ဝါရီ ၂၅ ရက်) မှာ လူစုလူဝေးမရှိစေရန် ကန့်သတ်ချက်တွေထုတ်ပြန်ခဲ့ပေမဲ့ ထိုနေ့ညပိုင်းအထိ ဆန္ဒပြသူအုပ်စုနှစ်ခုကြား အကြမ်းဖက်ခိုက်ရန်ဖြစ်ပွားမှုတွေ ဆက်လက် ဖြစ်ပွားနေခဲ့တယ်လို့ ဆိုပါတယ်။
(Photo: AFP)
ဝေဖန်သူတွေက မွတ်စလင်မ်ဆန့်ကျင်ရေးလို့ ပြောဆိုကြတဲ့ Citizenship Amendment Act (CAA) ကို ဝန်ကြီးချုပ်မိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP ဦးဆောင်တဲ့ အစိုးရက ယမန်နှစ်အတွင်း အတည်ပြုခဲ့ပြီးနောက် ဆန္ဒပြမှုတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပြီး အကြမ်းဖက်မှုအသွင် ပြောင်းလဲသွားခဲ့တဲ့ ဆန္ဒပြမှုအချို့လည်း ရှိခဲ့ပါတယ်။
သို့သော် ဒေလီမှာ ဆန္ဒပြမှုတွေကတော့ ယခုဖြစ်ရပ်မတိုင်မီအထိ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒေလီမှာဖြစ်ပွားတဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း သမ္မတထရန့်ကို မေးမြန်းခဲ့ရာမှာတော့ ယခုဖြစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းရေးဟာ အိန္ဒိယအစိုးရက ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တယ်လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
.