အုပ်စုဖွဲ့မုဒိမ်းကျင့် တိုက်ခိုက်ခံရတဲ့ တက္ကသိုလ်ကျောင်းသူဟာ သေဆုံးသွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦး အုပ်စုဖွဲ့မုဒိမ်းကျင့် သတ်ဖြတ်ခံရမှုမှ တရားခံ အမျိုးသားလေးဦးကို ကွပ်မျက်မယ့်ရက်အား တရားရုံးက သတ်မှတ်ညွှန်ကြားလိုက်ပါတယ်။

(အုပ်စုဖွဲ့မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့သည့် ဘတ်စ်ကား) (Photo: Strdel/AFP/Getty Images)

ဒေလီမြို့မှာပြေးဆွဲတဲ့ ဘတ်စ်ကားတစ်စီးပေါ်မှာ ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သတ်ဖြတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုသတင်းဟာ အိန္ဒိယမှာသာမက ကမ္ဘာတစ်ဝှမ်းက ဒေါသထွက်စရာလည်း ဖြစ်ခဲ့ပါတယ်။ ယမန်နေ့ (ဇန်နဝါရီ ၇ ရက်) မှာတော့ သေဒဏ်ချမှတ်ထားတဲ့ ထိုအမှုမှ တရားခံလေးဦးကို လာမယ့် ဇန်နဝါရီ ၂၂ ရက်မှာ ကွပ်မျက်ရန် အိန္ဒိယတရားရုံးက အမိန့်ချမှတ် ညွှန်ကြားလိုက်ကြောင်း သိရပါတယ်။



အက်ခ်ရှေသာကူးရ် (Akshay Thakur)၊ ဗီနေးရှာမာ (Vinay Sharma) ၊ ပါဝမ်ဂူပ်တာ (Pawan Gupta) နဲ့ မူကတ်ရှ်ဆင်း (Mukesh Singh) တို့ လေးဦးကို ၂၀၁၃ ခုနှစ်မှာ သေဒဏ်ချမှတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ မောင်းနှင်သွားနေတဲ့ ဒေလီဘတ်စ်ကားပေါ်မှာ အုပ်စုဖွဲ့မုဒိမ်းကျင့် တိုက်ခိုက်ခံရတဲ့ ကျောင်းသူဟာ အခင်းဖြစ်ပြီးနောက် ၁၃ ရက်အကြာမှာ ရရှိထားခဲ့တဲ့ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပါတယ်။

(ဇန်နဝါရီ ၂၂ ရက်မှာ ကွပ်မျက်မည့် တရားခံလေးဦး) (Photo: Hindustan Times)

ထိုအမှုနဲ့ပတ်သက်ပြီး မူလက လူခြောက်ဦးကို ဖမ်းဆီးစွဲချက်တင်ခဲ့ပေမဲ့ တစ်ဦးကိုတော့ လူငယ်ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ပါတယ်။ ကျန်ရှိသူငါးဦးအနက်မှ နောက်တစ်ဦးက တရားရုံးကြားနာစစ်ဆေးမှု မတိုင်မီ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့က အသက် ၂၃ နှစ်အရွယ် ဂျေရိုတီဆင်း အမည်ရှိ တက္ကသိုလ်ကျောင်းသူဟာ အမျိုးသားသူငယ်ချင်းတစ်ဦးနဲ့အတူ ရုပ်ရှင်သွားကြည့်ခဲ့ပြီးနောက် နေအိမ်ကိုပြန်စဥ် ဘတ်စ်ကားပေါ်မှာ ၎င်းတို့နှစ်ဦး အုပ်စုဖွဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။ ထို့နောက် ဘတ်စ်ကားကို ဒေလီမြို့တစ်ဝိုက် မောင်းနှင်နေခဲ့ကာ သူမကို မုဒိမ်းကျင့်ပြီး အကြမ်းဖက် ထိုးကြိတ်ရိုက်နှက်ခဲ့ကြပါတယ်။

(ဂျေရိုတီဆင်း အမှုဖြစ်ပြီးနောက် နယူးဒေလီမှာ ဆန္ဒပြစဥ်) (Photo: Sajjad Hussain/AFP/Getty Images)

သူငယ်ချင်းဖြစ်သူ အမျိုးသားကိုလည်း ဝိုင်းဝန်းရိုက်နှက်ထိုးကြိတ်ခဲ့ကြပြီးနောက် ၎င်းတို့နှစ်ဦးလုံးကို လမ်းဘေးတစ်နေရာမှာ ပစ်ချထားခဲ့ပါတယ်။ အုပ်စုဖွဲ့မုဒိမ်းကျင့် တိုက်ခိုက်ခံရတဲ့ အမျိုးသမီးငယ်ကို စင်ကာပူနိုင်ငံရှိ ဆေးရုံတစ်ရုံသို့ လွှဲပြောင်းကုသခဲ့ပြီးနောက် သေဆုံးသွားခဲ့ပါတယ်။

ထိုဖြစ်ရပ်အပေါ် အိန္ဒိယပြည်သူ ထောင်ပေါင်းများစွာက ဒေါသတကြီးဖြစ်ခဲ့ကြပြီး လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ အကြီးအကျယ် ပေါ်ပေါက်လာခဲ့ပြီး လိင်ပိုင်ဆိုင်ရာ ကျူးလွန်မှုအတွက် ဥပဒေအပြောင်းအလဲတွေလည်း ဖြစ်စေခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်း စိတ်ဝင်စားမှုများခဲ့တဲ့ အဆိုပါအမှုကို Netflix က Delhi Crime အမည်ဖြင့် အပိုင်း ၇ ပိုင်းပါ ရုပ်သံဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးထုတ်လွှင့်ခဲ့ပါတယ်။

(ဂျေရိုတီဆင်း၏ မိဘနှစ်ဦး) (Photo: Arkaprava Ghosh/Barcroft India)

တရားခံလေးဦးကို ကွပ်မျက်ရမယ့်ရက် သတ်မှတ်ညွှန်ကြားလိုက်ခြင်းကို ဂျေရိုတီဆင်းရဲ့ မိသားစုက ကျေနပ်ကြောင်း ပြောခဲ့ကြပါတယ်။ "ဒီ စီရင်ချက်က တရားစီရင်ရေးမှာ အမျိုးသမီးတွေရဲ့ ယုံကြည်မှုကို ပြန်ရစေမှာပါ၊ ကျွန်မသမီးလေး နောက်ဆုံးမှာတော့ တရားမျှတမှုရရှိတော့မှာပါ" လို့ ဂျေရိုတီဆင်းရဲ့မိခင် အေရှာဒီဗီက သတင်းထောက်တွေကို ဖွင့်ဟခဲ့ပါတယ်။

ဂျေရိုတီဆင်းရဲ့ဖခင် ဘာဒရင်နတ်သ်ဆင်းကလည်း တစ်နိုင်ငံလုံးအတွက် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း တရားရုံးအမိန့်ကို ရည်ညွှန်းပြောြကားခဲ့ပါတယ်။ အိန္ဒိယမီဒီယာတွေမှာ ဖော်ပြမှုအရ တရားခံ အမျိုးသားလေးဦးကို ထိန်းသိမ်းထားတဲ့ တီဟာအကျဥ်းထောင်မှာ ၎င်းတို့ကိုကွပ်မျက်ရန် ကြိုတင်ပြင်ဆင် အစမ်းလေ့ကျင့်မှုတစ်ခု လတ်တလော လုပ်ဆောင်ခဲ့ကြောင်းလည်း AFP သတင်းမှာ ဖော်ပြပါတယ်။

Share

Loading Next Article...
က္က