၂၀၁၉ စက်တင်ဘာလ ၂၉ ရက်နေ့မှာတော့ OPPO မှ Title Sponsor အဖြစ် အဓိက ပါဝင်ကျင်းပခဲ့တဲ့ OPPO | PUBG Mobile Myanmar Championship ပွဲရဲ့ နောက်ဆုံးဖိုင်နယ် - ၁၆ သင်းအဆင့်ကို ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
ရှေ့အဆင့်တွေကို အွန်လိုင်းကပဲ ယှဉ်ပြိုင်ခဲ့ရပြီး နောက်ဆုံးဖိုင်နယ်အဆင့်ကိုတော့ ရန်ကုန်မြို့ ကမ္ဘာအေးလမ်းမပေါ်က Melia ဟိုတယ်ရဲ့ Grand Ballroom မှာ ခမ်းနားစွာ ကျင်းပခဲ့တာပါ။ ပထမအဆင့် အသင်းပေါင်း ၆၀၀ ကျော်မှတက်လာတဲ့ အသင်း ၆၄ သင်းဟာ ဒုတိယအဆင့်ကို အုပ်စုလေးခုခွဲယှဉ်ပြိုင်ပြီးမှ နောက်ဆုံး ၁၆ သင်း ဖိုင်နယ်အဆင့်ကို တက်ရောက်ယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ ပထမဆုအနေနဲ့ အမေရိကန်ဒေါ်လာ ၁၅၀၀၀ ထိ ပေးအပ်ခဲ့တာကြောင့် လက်ရှိကျင်းပခဲ့တဲ့ PUBG Mobile ပြိုင်ပွဲတွေထဲမှာ ဆုကြေးငွေအများဆုံးလို့ပြောရမှာဖြစ်ပြီး DEUS Esports အသင်းက ရမှတ်အများဆုံးနဲ့ ပထမဆုကို ဆွတ်ခူးခဲ့ပါတယ်။ DEUS Esports အသင်းကတော့ ဖွဲ့စည်းတာသိပ်မကြာသေးတဲ့ အသင်းတစ်ခုဖြစ်ပြီး ယခင်က Team No Trend (TnT) အသင်းမှာ ဆော့ကစားခဲ့သူ အများစုပါဝင်ပါတယ်။ DEUS Esports အဖွဲ့ဝင်တွေကတော့ Wicked, Zero, Kendo, blinkz နဲ့ နည်းပြဖြစ်သူ LuYoteMar တို့ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ ဒုတိယဆု ဒေါ်လာ ၈၀၀၀၊ တတိယဆု ဒေါ်လာ ၆၀၀၀ နဲ့ စတုတ္ထဆုကို ဒေါ်လာ ၃၀၀၀ ထိ ပေးအပ်ခဲ့တာကြောင့် ပြည်တွင်း Esports ပြိုင်ပွဲအများစုရဲ့ ဆုကြေးငွေထက် သိသာစွာမြင့်မားခဲ့ပါတယ်။ ဒါ့အပြင် အဆင့် ၅ ကနေ ၈ အထိကို ဒေါ်လာ ၁၀၀၀ စီနဲ့ နောက်ဆုံး ၈ သင်းကို ဒေါ်လာ ၅၀၀ စီ ချီးမြှင့်ခဲ့တဲ့အတွက် အသင်းရာပေါင်းများစွာ ထဲက နောက်ဆုံးအဆင့်ထိ တက်ရောက်လာနိုင်တဲ့သူအားလုံး ဆုငွေရရှိခဲ့ပါတယ်။
DEUS အသင်းဟာ ရမှတ်အရ ပထမဆုဆွတ်ခူးခဲ့ပေမယ့် ယှဉ်ပြိုင်ခဲ့ရတဲ့ Round ငါးခုစလုံးမှာ Chicken Dinner တစ်ခါမှ မစားခဲ့ရတာလည်း ထူးခြားချက်တစ်ခုပါ။ Chicken Dinner ရရှိခဲ့သူတွေက
Round 1 - CJ7
Round 2 - Rest In Peace
Round 3 - T7 Challengers
Round 4 - Yangon Galacticos
Round 5 - Rest In Peace အသင်းတွေပဲ ဖြစ်ပါတယ်။
ပွဲစဉ်ငါးပွဲယှဉ်ပြိုင်ခဲ့အပြီးမှာ အသင်း ၁၆ သင်းရဲ့ ရပ်တည်မှုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
OPPO | PUBG Mobile Championship ပြီးသွားတဲ့နောက်မှာတော့ လောလောဆယ် မြန်မာပြည်တွင်းမှာ PUBG Mobile ပြိုင်ပွဲကြီးကြီးမားမား မရှိသေးပါဘူး။ လာမယ့်နိုဝင်ဘာလထဲမှာတော့ King of the Hill ပြိုင်ပွဲကို တစ်ကြိမ် ထပ်မံကျင်းပဦးမှာဖြစ်တယ်လို့ သိရပါတယ်။