ဒီကနေ့ အောက်တိုဘာလ (၁၅)ရက်နေ့ မနက် ၉:၃၀ မိနစ်အချိန်ခန့်ကဖြစ်ပွါးခဲ့တဲ့ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ဆောက်လုပ်စအဆောက်အအုံပြိုကျမှုမှာ သေဆုံးသူ(၃)ဦးရှာဖွေတွေ့ရှိထားပြီဖြစ်တယ်လို့ သိရပါတယ်။
အဆောက်အုံးပြိုကျအပြီး (၁၅)မိနစ်ခန့်အကြာ မနက် ၉:၄၅ မိနစ်ကတည်းက အသက်ရှင်လျှက် (၃)ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်ရှိတဲ့သူတွေကို ရှာဖွေရေး ဆက်လုပ်ခဲ့ရာ မွန်းလွဲ (၂:၃၀)အချိန်ထိတော့ သေဆုံးသူ (၃)လောင်း တွေ့ရှိထားတယ်လို့ ဖြစ်ပွါးရာနေရာရောက်ရှိနေတဲ့ မြန်မာနိုင်ငံ မီးသတ်ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး Duwun ကိုပြောပါတယ်။
“ စာရင်းအရ သူတို့ပြောပုံအရဆို (၆)ယောက်ပဲ။ မနက်က (၃)ဦးက အသက်ရှင်လျှက်ကယ်နိုင်တယ်။ ကျန်(၃)ဦးကတော့ သေဆုံးပေါ့။ နောက်ဆုံး သေဆုံး (၁)ယောက်က အခုလေးတင်ပဲတွေ့တာ။ စာရင်းအရဆိုရင်တော့ လူကုန်ပြီ။ ဒါပေမယ့် ကျွန်တော်တို့က စိတ်ချရအောင် ထပ်ပြီး ရှင်းလင်းရေးနဲ့ ကယ်ဆယ်ရေးထပ်လုပ်နေတယ်”လို့ ဦးသိန်းထွန်းဦးကပြောပါတယ်။
လက်ရှိမှာတော့ တိုက်ပြိုကျမှုအတွင်း ပိတ်မိနေခဲ့တဲ့ သူတွေထဲက (၃)ဦးမှာ အသက်ရှင်ပြီး (၃)ဦးမှာသေဆုံးခဲ့ပါတယ်။
အသက်ရှင်လျှက်ပြန်တွေ့တဲ့ သူ(၃)ဦးကလည်း ဒဏ်ရာရရှိမှုတွေရှိတာကြောင့် ဆေးကုသမှုခံယူလျှက်ရှိပါတယ်။
လက်ရှိမှာတော့ အဆိုပါ ဆောက်လက်စအဆောက်အအုံပြိုကျမှုမှာ ကယ်ဆယ်ရေးလုပ်ငန်းကိုသာ လတ်တလော အဓိကဆောင်ရွက်နေတာကြောင့် အဆောက်အအုံပြိုကျရတဲ့ အကြောင်းအရင်းကိုတော့ စစ်ဆေးဆောင်ရွက်ရခြင်းမရှိသေးပါဘူး။
အဆောက်အအုံပြိုကျမှုအတွင်း ပိတ်မိနေခဲ့တဲ့သူတွေက ဆောက်လုပ်ရေးပန်းရံအလုပ်သမားတွေလို့သိရပါတယ်။