မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားဟာ ဆီဗီလာကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အတွင်း စကားများခဲ့ရာမှာ ပါးစပ်ပိတ်ထားဖို့ ပြောကြားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
မက်ဂွိုင်းယားရော ဒဟေးယားပါ ဆီဗီလာနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ စိတ်ပျက်စရာ စွမ်းဆောင်ရည်ကို ပြသခဲ့ကြတာဖြစ်ပြီး ပထမဂိုးဟာ စပိန်ဂိုးသမားက ဆီဗီလာကစားသမားတွေ ဖိအားပေးခြင်းခံနေရတဲ့ အင်္ဂလန်နောက်ခံလူဆီ ပေးပို့ခဲ့ရာကနေ ဘောလုံးပျက်ပြီး အန်နက်ဆီရီက ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဒဟေးယားရော မက်ဂွိုင်းယားပါ အဖွင့်ဂိုးအတွက် တရားခံဖြစ်ခဲ့ကြတာဖြစ်ပြီး ပထမပိုင်းပွဲကစားချိန်အတွင်း ရိုက်ကူးထားတဲ့ ဗီဒီယိုဖိင်တစ်ခုထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းဖော် ၂ ဦးကြား ဒေါသတကြီး အငြင်းပွားနေကြတာကို မြင်တွေ့ခဲ့ရပါတယ်။
ဒဟေးယားဟာ တစ်စုံတရာ ပြန်ပြောပြီး တုံ့ပြန်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားကို အော်ဟစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပြီး မက်ဂွိုင်းယားက အိုးထရက်ဖို့ဒ်မှာ ၎င်းရဲ့အစောပိုင်းကာလ ရုန်းကန်ခဲ့ရစေတယ်လို့ ခံစားခဲ့ရတဲ့ ဆက်သွယ်ပြောဆိုမှု ပိုမိုပြုလုပ်ဖို့အတွက် တောင်းဆိုခဲ့တာဖြစ်နိုင်ပါတယ်။
အမြင်စူးရှတဲ့ ပရိသတ်အများအပြားက ဟာရီ မက်ဂွိုင်းယားဟာ ၎င်းရဲ့ ဂိုးသမားကို စကားများနေတာကို ရပ်ဖို့ အမူအရာနဲ့ လုပ်ပြခဲ့တာကို မြင်တွေ့ခဲ့ရပြီး မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ကို ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။
ပရိသတ်တစ်ဦးက “ဟာရီ မက်ဂွိုင်းယားနဲ့ပတ်သက်ပြီး စိုးရိမ်စရာအကောင်းဆုံးအပိုင်းက သူက ဆိုးရွားတဲ့ ဘောလုံးသမားဖြစ်ရုံတင်မကဘဲ စိတ်ဓာတ်လည်း မကောင်းတဲ့ကောင်ပုံစံပေါ်ပါတယ်။ သူ ပထမဂိုးအပြီးမှာ ဒဟေးယားကို ပါးစပ်ပိတ်ဖို့ ပြောခဲ့တဲ့ပုံစံကို ဘယ်သူတွေ သတိထားမိကြသေးလဲ”လို့ ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “မက်ဂွိင်းယားက ဒဟေးယားကို ပါးစပ်ပိတ်ဖို့ ပြောနေတယ်။ ဒေါသတွေ ထွက်လာပြီ။ ဒီမြေနိုးကို ငါ့အသင်းထဲကနေ မောင်းထုတ်ပစ်လိုက်စမ်းပါ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။