Diamond Princess အပျော်စီးသင်္ဘောကြီးပေါ်မှ ဆင်းခွင့်ပေးလိုက်တဲ့ ခရီးသည်တွေမှာ ကိုယ်ပူခြင်း အပါအဝင် COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လက္ခဏာများတွေ့လာရပြီး ၎င်းတို့ကို ဗိုင်းရပ်စ်စစ်ဆေးရန် ပြောကြားသွားမယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးက ယနေ့ (ဖေဖါ်ဝါရီ ၂၆ ရက်) ပြောပါတယ်။
(Photo: Getty Images)
ထိုအပျော်စီးသင်္ဘောမှာ လိုက်ပါလာခဲ့ပြီး ဟောင်ကောင်မှာဆင်းသွားခဲ့တဲ့ အမျိုးသားတစ်ဦးထံမှာ ဗိုင်းရပ်စ်ကူးစက်မှု တွေ့ရှိရပြီးနောက် သင်္ဘောကို ဂျပန်မှာ သီးသန့်ဆိုက်ကပ်ထားစေပြီး ၁၄ ရက်ကြာ စောင့်ကြည့်ခဲ့ပါတယ်။ အစောပိုင်း ဗိုင်းရပ်စစ်ဆေးမှုအရ ကူးစက်ခံထားရကြောင်း မတွေ့ရှိရတဲ့ ခရီးသည် ၉၇၀ ခန့်ကို ၁၄ ရက်ပြည့်ပြီးနောက် သင်္ဘောပေါ်မှဆင်းခွင့်ပေးခဲ့ပါတယ်။
သို့သော် နောက်ပိုင်းမှာတော့ ထိုခရီးများအနက်မှ အချို့ဟာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိလာခဲ့ရာ အပျော်စီးသင်္ဘောကိစ္စ ကိုင်တွယ်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရအပေါ် ဝေဖန်မှုတွေလည်း မြင့်တက်နေခဲ့ပါတယ်။
(Photo: AFP via Getty Images)
ဂျပန်အစိုးရက အပျော်စီးသင်္ဘောပေါ်မှ ဆင်းခွင့်ပေးခဲ့သူများအနက် ခရီးသည် ၈၃၁ ဦးကို ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းတို့အနက် ၄၅ ဦးမှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လက္ခဏာများရှိနေကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး ကတ်ဆူနိုဘိုကတ်တိုက လွှတ်တော်မှာ ပြောကြားပါတယ်။ ယိုကိုဟားမားဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ Diamond Princess အပျော်စီးသင်္ဘောကြီးပေါ်မှာ လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၀၀ နီးပါးနဲ့ သေဆုံးသူ ၄ ဦးရှိခဲ့ကြောင်းလည်း သိရပါတယ်။
(Photo: Charly Triballeau/AFP)
ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ဖေဖေါ်ဝါရီ ၂၆ ရက် မွန်းလွဲပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၂,၇၁၅ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက် ၂,၇၆၅ ဦးအထိ မြင့်တက်လာပါတယ်။ ဖေဖေါ်ဝါရီ ၂၆ ရက် မွန်းလွဲပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၇၈,၀၆၄ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၁,၀၀၅ ဦးရှိလာပြီး ပြန်လည်သက်သာလာသူ ၃၀,၁၁၆ ဦးရှိခဲ့ကြောင်း သိရပါတယ်။
(Photo: AFP)
ယခုရက်ပိုင်းအတွင်း တရုတ်ပြည်မကြီးမှာ ဗိုင်းရပ်စ်ကူးစက်ခံမှုကြောင့် သေဆုံးသူအရေအတွက် လျော့နည်းလာခဲ့ပေမဲ့ တောင်ကိုရီးယား၊ အီတလီနဲ့ အီရန် နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူနဲ့ သေဆုံးသူဦးရေ သိသာစွာ မြင့်တက်နေခဲ့ပါတယ်။ COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပါတယ်။ ဖေဖေါ်ဝါရီ ၂၄ ရက်မှာတော့ ဗိုင်းရပ်စ်ကူးစက်မှုဟာ ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားလာနိုင်တဲ့ အလားအလာအတွက် ကြိုတင်ပြင်ဆင်ကြရန် WHO က သတိပေး ပြောကြားခဲ့ပါတယ်။
Source: AFP, Kyodo