ချဲလ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗားက မန်စီးတီးနဲ့ လေးဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ဟာလန်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံကို ပြန်ပြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲမှာ ဟာလန်းက ပင်နယ်တီတစ်ဂိုးအပါအဝင် နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ချဲလ်ဆီးနောက်တန်းက ဟာလန်းအပြင် ဒိုကူ၊ ဖိုဒန်တို့ကိုပါ အပြင်းအထန် ထိန်းချုပ်ခဲ့ရပါတယ်။ ဆေးလ်ဗားက ဒီပွဲမှာ ချဲလ်ဆီးအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့သလို မန်စီးတီးရဲ့ လေးဂိုးမြောက်ဖြစ်တဲ့ ရိုဒရီရဲ့ ကန်ချက်ကလည်း ဆေးလ်ဗားနဲ့ ထိကာ လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားခဲ့တာပါ။
ဟာလန်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့အပေါ် ဆေးလ်ဗားက “ဟာလန်းလို ကစားသမားမျိုးကို လူကပ်ကစားရတာ တော်တော်ကို ခက်ခဲပါတယ်။ အထူးသဖြင့် ကျွန်တော့် အသက်အရွယ်မှာပေါ့။ ကျွန်တော် သူနဲ့ ပြန်ရင်ဆိုင်တဲ့အခါမှာ အခုထက် နည်းနည်းပိုကောင်းတဲ့ ပုံစံမျိုးနဲ့ ရင်ဆိုင်ချင်ပါတယ်”
“ဒါပေမယ့် ကျွန်တော့်ရဲ့ ကစားသမားဘဝက အစပိုင်းထက် အခုချိန်က ပိုပြီး ပြီးဆုံးဖို့ နီးကပ်လာတာကိုလည်း သိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အဆိုပါပွဲမှာ ချဲလ်ဆီးတို့ ပေးခဲ့ရတဲ့ ပင်နယ်တီကလည်း ဟာလန်းကို ကူကူရယ်လာ ဆွဲချခဲ့တာကြောင့် ကွင်းလယ်ဒိုင်က VAR ရဲ့ ဆုံးဖြတ်ချက်နဲ့ အငြင်းပွားဖွယ်ပေးခဲ့တာပါ။
ဒုတိယပိုင်းမှာလည်း ဟာလန်းက ဒုတိယဂိုးသွင်းယူနိုင်ခဲ့ပြီး ချဲလ်ဆီးတို့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ သရေရဖို့ အသည်းအသန် ရုန်းကန်ခဲ့ရပါတယ်။ နောက်ဆုံးမိနစ်မှာ ရရှိခဲ့တဲ့ ပါးလ်မားရဲ့ ပင်နယ်တီသွင်းဂိုးကြောင့်သာ ချဲလ်ဆီးတို့ အိမ်ကွင်းမှာ လေးဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။