ရိုးမားနည်းပြ မော်ရင်ဟိုဟာ ဒီဘားလားကို ချဲလ်ဆီးတို့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်နေတဲ့အပေါ် သူ့ရဲ့ အင်စတာဂရမ်စတိုရီကတစ်ဆင့် ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ ဒီဘားလားဟာ ပြီးခဲ့တဲ့နွေရာသီကမှ မော်ရင်ဟိုရဲ့ စည်းရုံးမှုနဲ့အတူ ရိုးမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။
လက်ရှိနွေရာသီမှာတော့ သူ့ကို ခေါ်ယူဖို့ ချဲလ်ဆီးက စိတ်ဝင်စားနေကြောင်း အီတလီအခြေစိုက် သတင်းဌာနတွေက ဖော်ပြနေပါတယ်။ ဒါ့အပြင် ဗြိတိန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ British GP ပွဲကို ဒီဘားလား သွားရောက်ကြည့်ရှု အားပေးခဲ့ချိန်မှာလည်း ချဲလ်ဆီး ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားနဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။
ဒီလိုမျိုး တွေ့ဖြစ်ချိန်မှာ သီယာဂိုဆေးလ်ဗားက ဒီဘားလားကို ချဲလ်ဆီးမှာ လာကစားဖို့ တိုက်တွန်းခဲ့ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီဘားလားကတော့ ရိုးမားမှာသာ ပျော်ရွှင်နေကြောင်း၊ အသင်းနဲ့အတူ ရာသီကြို ပြင်ဆင်မှုတွေကို စတင်တော့မှာဖြစ်ကြောင်း ပြန်လည်တုံံ့ပြန်လာခဲ့ပါတယ်။
ဒါ့အပြင် မော်ရင်ဟိုကလည်း သူ့ရဲ့ အင်စတာဂရမ်စတိုရီကတစ်ဆင့် ဒီဘားလားနဲ့ သူ့ရဲ့ သတင်းဓာတ်ပုံကို တင်ကာ “သေချာပေါက် အရမ်းကို ပျော်ရွှင်နေပါတယ်” လို့ ရေးသားကာ ဒီဘားလားရဲ့ အပြောင်းအရွှေ့တွေကို တုံ့ပြန်သွားခဲ့ပါတယ်။ ဒါဟာ ဒီဘားလားအနေနဲ့ သူ့အသင်းမှာသာ ဆက်ရှိနေမှာဖြစ်ကြောင်း မော်ရင်ဟိုက အသင်းဟောင်း ချဲလ်ဆီးကို သွယ်ဝိုက်အသိပေးခဲ့တာဖြစ်တယ်လို့ ပရိသတ်တွေက ယုံကြည်နေပါတယ်။
ဒီဘားလားရဲ့ စာချုပ်ပါအချက်အလက်တွေအရ စီးရီးအေကလပ်မဟုတ်တဲ့ ပြည်ပအသင်းတစ်သင်းက ဒီကစားသမားကို ပြောင်းရွှေ့ကြေး ယူရို (၁၂) သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် ရိုးမားတာဝန်ရှိသူတွေကတော့ ဒီဘားလားကို အသင်းမှာ ဆက်ထိန်းထားဖို့ ပြင်ဆင်နေပြီး (၂၀၂၅) ခုနှစ် နောက်ပိုင်းအထိ ဒီဘားလားကို အသင်းမှာ ဆက်ရှိနေမယ့် စာချုပ်တစ်ရပ် ချုပ်ဆိုလိုနေပါတယ်။