တော်တော်လေးအံ့အားသင့်စရာ ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဒါရိုက်တာ Arrivabene က သူတို့အနေနဲ့ ပေါ်လိုဒီဘာလာကို စာချုပ်သစ်ချုပ်ဆိုမှာမဟုတ်ဘူးလို့ အတည်ပြုပြောဆိုခဲ့ကြောင်း နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ပြောဆိုလိုက်ပါတယ်။ ဒီအတွက်ကြောင့် အာဂျင်တီးနားတိုက်စစ်မှူးဟာ လာမယ့်နွေရာသီမှာ တူရင်ကနေ အလွတ်ထွက်ခွာနိုင်တော့မှာဖြစ်ပြီး နှစ်သက်ရာကလပ်နဲ့ ဆွေးနွေးလို့ရသွားပြီဖြစ်ပါတယ်။ 

ဂျူဗီအနေနဲ့ ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမှ မလုပ်တော့ဘဲ ဒီဆုံးဖြတ်ချက်ကို ချမှတ်ထားပြီးဖြစ်တယ်လို့လည်း Arrivabene က ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ကစားသမားရဲ့အေးဂျင့်က ကလပ်အသင်းတွေနဲ့စကားပြောဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။  အသက် ၂၈ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ ဂျူဗီမှာ ၇ ရာသီကြာကစားထားပြီးဖြစ်ကာ ၂၈၃ ပွဲမှာ ၁၁၃ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ 

စီးရီးအေရဲ့ ထိပ်တန်းတိုက်စစ်မှူးတဦးအဖြစ် ဒီဘာလာက နာမည်ကျော်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီတွေမှာ သူ့ရဲ့ ဂိုးသွင်းအားက ကျဆင်းလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကဆိုရင် တရာသီလုံးမှာ ၂၆ ပွဲသာ ကစားခဲ့ရပြီး ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ဗလာဟိုဗစ် ရောက်ရှိလာခဲ့သလို မိုရာတာကလည်း သူ့ထက်ပိုပြီး ဂိုးသွင်းခြေတွေ့နေလို့ ဂျူဗီဘက်က အခုလိုဆုံးဖြတ်ခဲ့ဖွယ်ရှိပါတယ်။

ဒီဘာလာကိုတော့ ဘာစီလိုနာအပါဝင် ဥရောပထိပ်တန်းကလပ်တွေက စိတ်ဝင်စားနေပါတယ်။ ဂျူဗီနည်းပြဟောင်းကွန်တီရဲ့ စပါး၊ အာဆင်နယ်၊ ယူနိုက်တက်တို့လို အသင်းတွေကလည်း စိတ်ဝင်စားနေတယ်လို့သိရပြီး လာမယ့်ရာသီသစ်မှာတော့ သူ့ကို စီးရီးအေမဟုတ်တဲ့ အခြားလိဂ်တခုမှာ မြင်တွေ့ရဖို့က သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က