မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ ယူနိုက်တက်တို့ရဲ့ အက်ဖ်အေဖလား ဖိုင်နယ်ပွဲက ခြေစွမ်းကြောင့် ဒီဘရိုင်းနဲ့ ဟာလန်းတို့ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က ဂါနာချို၊ မိုင်နူးတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ပထမပိုင်းကတည်းက ဂီဗာဒီယိုလ်ရဲ့ အမှားကတစ်ဆင့် ဂါနာချိုက ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို လွတ်လွတ်ကျွတ်ကျွတ် ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘရူနိုဖာနန်ဒက်စ်ရဲ့ အကောင်းဆုံးပေးပို့မှုကို မိုင်နူးက အဆုံးသတ် ကန်သွင်းပြီး ပထမပိုင်းကတည်းက ယူနိုက်တက်တို့ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့တာပါ။
ဒုတိယပိုင်း ပွဲပြီးခါနီးမှ ဒိုကူရဲ့ သွင်းဂိုးတစ်ဂိုးနဲ့ မန်စီးတီးတို့ ချေပဂိုးရရှိခဲ့ပေမယ့် ပွဲပြီးတဲ့အထိ နောက်ထပ်ချေပဂိုးမရရှိခဲ့တာကြောင့် ယူနိုက်တက်က ပြီးခဲ့တဲ့နှစ် အက်ဖ်အေဖလား ဗိုလ်လုပွဲ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ ဒီဘရိုင်းရော၊ ဟာလန်းရော ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။
ဟာလန်းက ဗာရန်း၊ မာတီနက်ဇ်တို့ကို မကျော်နိုင်ခဲ့သလို ဒီဘရိုင်းကလည်း ထိရောက်တဲ့ ပံ့ပိုးမှုတွေကို မပြုလုပ်နိုင်ခဲ့ပါဘူး။ ဒီဘရိုင်းဆိုရင် ဒုတိယပိုင်း (၅၆) မိနစ်မှာကတည်းက လူစားလဲခံခဲ့ရတာပါ။
အဲ့ဒါကြောင့်လည်း ပရိသတ်တွေက “ဒီဘရိုင်းရဲ့ ကစားပုံက စိတ်ပျက်စရာပါ။ သူ ဒဏ်ရာရနေတာ ဖြစ်နိုင်ပါတယ်” “မာတီနက်ဇ်က အမြင့်ဘောတွေမှာတောင် ဟာလန်းကို အနိုင်ယူနိုင်ခဲ့ပါတယ်” “တချို့တွေကတော့ ဒီဘရိုင်းက မိုဒရစ်နဲ့ ကရူးစ်ထက် ပိုကောင်းတယ်ပြောတာပဲ” လို့ အမျိုးမျိုး မှတ်ချက်ပြု ဝေဖန်ခဲ့ကြပါတယ်။