မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးနည်းပြ အီမီလီယိုအယ်ဘာရက်ဇ်က ဒီဂီယာဟာ နောက်ဆုံးမှာ ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ အသင်းနဲ့ စာချုပ်သစ်ကို ချုပ်ဆိုဖို့ နီးစပ်နေပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီဂီယာရဲ့စာချုပ်ဟာ ၂၀၂၀ ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ခရစ်စမတ်မတိုင်မီက မန်ယူအသင်းက နောက်ထပ် ၁၂ လ သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။ ဒီဂီယာရဲ့အနာဂတ်ဟာ မန်ယူအသင်းမှာ ဆက်လက်ရှိနေဖို့ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းဝန်းကျင် ရရှိမယ်လို့ ယုံကြည်ရပါတယ်။
ဒီဂီယာဟာ အသင်းရဲ့လစာအမြင့်ဆုံးကစားသမားဖြစ်တဲ့ အလက်ဆစ်ဆန်းချက်ဇ်နဲ့ လစာကွာဟနေမှုကို အဆုံးသတ်လိုခဲ့တယ်လို့ သိရပြီး နည်းပြ မော်ရင်ဟို ထုတ်ပယ်ခံခဲ့ရပြီးနောက် စာချုပ်သစ်အတွက် ပြောဆိုဆွေးနွေးမှုတွေ ရပ်ဆိုင်းသွားခဲ့တာဖြစ်ပါတယ်။
ဒီဂီယာဟာ ခရစ်စတယ်ပဲလေ့စ်အိမ်ကွင်းမှာ အနိုင်ရရှိအောင် ကူညီပေးခဲ့ပြီးနောက် ဂိုးနည်းပြ အယ်ဘာရက်ဇ်နဲ့အတူ ကြာသပတေးနေ့ ညနေက စီဘိုစားသောက်ဆိုင်မှာ အတူထိုင်ခဲ့ပြီး အယ်ဘာရက်ဇ်က ဒီဂီယာနဲ့ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ၎င်းရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပါတယ်။
ဒီဂီယာနဲ့ အယ်ဘာရက်ဇ်တို့ဟာ အလွန်ရင်းနှီးတဲ့ဆက်ဆံရေးမျိုးရှိကြသူတွေဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာလည်း စေ့စပ်သေချာစွာ အလုပ်လုပ်ကြသူတွေဖြစ်ပါတယ်။ ဒါပေမယ့် ဂိုးနည်းပြအယ်ဘာရက်ဇ်က ဒီဂီယာဟာ ၎င်းရဲ့အကောင်းဆုံးပုံစံကို မရရှိသေးဘူးလို့ ထင်နေတာဖြစ်ပါတယ်။
“ဒေးဗစ်နဲ့အတူ ကျွန်တော်တို့အမြဲတမ်းစဉ်းစားနေတာက သူ ပိုပြီးကောင်းမွန်လာနိုင်ဖို့ အကြောင်းကိုပါ။ အရိုးသားဆုံးပြောရရင် ဒေးဗစ်က ရပ်သွားမယ်လို့ ကျွန်တော် မထင်ပါဘူး။ သူက ပိုပြီးတောင် ကောင်းမွန်လာနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။