ဒီဂီယာက အသင်းနဲ့စာချုပ်သစ် မချုပ်ဆိုသေးတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေးဗစ်ဒီဂီယာရဲ့နေရာမှာ အစားထိုးဖို့ ဖြစ်နိုင်ဖွယ်ရှိတဲ့ဂိုးသမားအဖြစ် ခရိုအေးရှားဂိုးသမား ဒိုမီနစ်လီဗာကိုဗစ်ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

လီဗာကိုဗစ်ဟာ ဒိုင်နမိုဇာဂရက်အသင်းရဲ့ နံပါတ်တစ် ပွဲထွက်ဂိုးသမားဖြစ်ပြီး The Sun ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်း ကင်းထောက်တွေဟာ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရိုအေးရှားဂိုးသမားကို မကြာသေးမီကမှ စောင့်ကြည့်နေခဲ့တယ်လို့ သိရပါတယ်။

ဒိုင်နမိုဇာဂရက်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ချန်ပီယံလိဂ် Play-off ပထမအကျော့ပွဲစဉ်မှာ နော်ဝေကလပ်အသင်းဖြစ်တဲ့ ရိုဆင်ဘော့အသင်းကို အနိုင်ယူနိုင်ခဲ့ပြီး လီဗာကိုဗစ်က လက်စွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကင်းထောက်တွေဟာ လီဗာကိုဗစ်ရဲ့ လက်စွမ်းကို အကဲခတ်ဖို့အတွက် ယင်းပွဲစဉ်ကို တက်ရောက်ကြည့်ရှုခဲ့ကြပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီဂီယာမရှိတော့မယ့်အချိန်အတွက် အစီအစဉ်ဆွဲနေတာဖြစ်ပါတယ်။

ဒေးဗစ်ဒီဂီယာဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ရရှိမယ့်ကာလရှည်စာချုပ်သစ် ချုပ်ဆိုဖို့အတွက် သဘောတူညီထားပေမယ့် လက်ရှိအချိန်အထိ စာချုပ်သစ် ချုပ်ဆိုခြင်းမရှိသေးသူဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်နဲ့ ပီအက်စ်ဂျီအသင်းတို့က ဒီဂီယာကို အနီးကပ်စောင့်ကြည့်နေပြီး ဒီဂီယာသာ စာချုပ်သစ် မချုပ်ဆိုခဲ့ဘူးဆိုရင်တော့ လာမယ့်ဇန်နဝါရီလမှာ ပြည်ပအသင်းတွေနဲ့ တရားဝင်အကြိုသဘောတူညီမှုရယူဖို့အတွက် ဆွေးနွေးနိုင်တော့မှာဖြစ်ပါတယ်။

Share

က္က