ပွဲအစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်နေချိန်မှာ ရွိုင်ကိန်းက ပြောဆိုခဲ့တာဖြစ်ပြီး ပြင်းပြင်းထန်ထန်ကို ဝေဖန်ပြစ်တင်မှုတွေလည်း ပြုလုပ်သွားခဲ့ပါတယ်။
အဲဗာတန်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ကြီးမားတဲ့အမှားအယွင်းကို ကျူးလွန်ခဲ့တဲ့ ယူနိုက်တက်ဂိုးသမားဒေးဗစ်ဒီဂီယာကို သတ်ပစ်ချင်တယ်လို့ ယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်းကြီး ရွိုင်ကိန်းက ပြောဆိုလိုက်ပါတယ်။ ပွဲအစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်နေချိန်မှာ ရွိုင်ကိန်းက ပြောဆိုခဲ့တာဖြစ်ပြီး ပြင်းပြင်းထန်ထန်ကို ဝေဖန်ပြစ်တင်မှုတွေလည်း ပြုလုပ်သွားခဲ့ပါတယ်။
ဒီဂီယာဟာ ပွဲကစားချိန် ၂ မိနစ်မှာ ဘောလုံးကန်တင်ပေးဖို့အတွက် ကြန့်ကြာမှုတွေရှိနေခဲ့ပါတယ်။ ဒီအတွက် အဲဗာတန်တိုက်စစ်မှူး ကယ်ဗတ်လီဝင်က ဘောလုံးလုယူဖို့အတွက် ဖိအားပေးလာချိန်မှာ ကန်တင်ပေးခဲ့ပြီး ဘောလုံးက လီဝင်ရဲ့ ခြေထောက်နဲ့ထိခဲ့ကာ မထင်မှတ်ဘဲ ဂိုးအတွင်းဝင်သွားခဲ့လို့ အဖွင့်ဂိုးပေးခဲ့ရပါတယ်။ ယူနိုက်တက်အနေနဲ့ မထင်မှတ်ဘဲပေးခဲ့ရတဲ့ ဂိုးကြောင့် ရုန်းကန်ခဲ့ရပြီး ဘရူနိုဖာနန်ဒက်စ်ကြောင့်သာ ချေပဂိုးရရှိခဲ့တာဖြစ်ပါတယ်။
Sky Sports မှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်နေခဲ့တဲ့ ရွိုင်ကိန်းက " "ကျွန်တော်သာ ကွင်းအတွင်းမှာ ကစားသမား၊ ဒါမှမဟုတ် နည်းပြအဖြစ်ရှိနေမယ်ဆိုရင် ဒီဂီယာကို သတ်ပစ်မိမှာပါ၊ တကယ့်ကို အရူးတစ်ယောက်လိုအမှားမျိုးပါပဲ၊ သူ ဘာကိုစောင့်နေတာလဲ၊ မြန်မြန်ဆန်ဆန် ကန်တင်ပေးရမှာဖြစ်ပြီး ဒီအချိန်က အဆင့်လေးအတွင်း ဝင်နိုင်ဖို့အတွက် ယူနို်က်တက်က ကြိုးစားနေရတာပါ၊ သူက အတွေ့အကြုံရင့်ဂိုးသမားပါ၊ ဘာကိုသူစောင့်နေတာလဲ၊ သူ့ကို ကျွန်တော်အမဲဖျက်သလိုလုပ်ပစ်လိုက်မှာ"
"မြန်မြန်ဆန်ဆန်ကန်တင်ပေးဖို့ လိုပါတယ်၊ ယူနိုက်တက်အတွက် အခုအချိန်က အဆင့် ၄ အတွင်းဝင်နိုင်ဖို့ကို ကြိုးစားနေရတာပါ၊ ဒီအတွက် ဆင်ခြေပေးစရာဘာမှမရှိပါဘူး၊ နို်င်ငံတကာအဆင့်ဂိုးသမားတစ်ဦးအနေနဲ့ ဒီလိုမျိုးဖြစ်ပျက်ခဲ့တာက တကယ်ကို ဆိုးဝါးပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ချယ်လ်ဆီးရဲ့ သရေကျမှုကို အခွင့်ကောင်းမယူနိုင်ခဲ့ဘဲ ပွဲပြီးခါနီးမှာ အနိုင်ဂိုးခွင့်ပြုရမလိုဖြစ်ခဲ့ရပြီး VAR ကြောင့်သာ ဂိုးမပေးခဲ့ရပဲ ဂွတ်ဒီဆင်ပါ့ခ်ကနေ တစ်မှတ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။