ဒီကနေ့ညနေပိုင်းမှာ ကစားသွားတဲ့ ယူနိုက်တက်နဲ့ဗီလာတို့ရဲ့ပွဲအပြီးမှာ ယူနိုက်တက်ပရိသတ်တွေက ဂိုးသမား ဒီဂီယာရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ဝေဖန်နေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်နဲ့ဗီလာတို့ တဖက်နှစ်ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်ခဲ့ကြတာပါ။
ယူနိုက်တက်အနေနဲ့ ပထမပိုင်းမှာ ဆန်ချို၊ ကက်ချ်ရဲ့ Own Goal တို့ကြောင့် နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ လီယွန်ဘေလီ၊ ချန်ဘာစ်တို့ရဲ့ ချေပဂိုးတွေကို ခွင့်ပြုလိုက်ရတာကြောင့် ယူနိုက်တက်တို့ နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရတာပါ။ ချန်ဘာစ်ရဲ့ ချေပဂိုးကို နောက်ဆုံးမိနစ်မှ ပေးလိုက်ရတာဖြစ်ပြီး ဒီဂိုးက ဒီဂီယာရဲ့ အမှားကြောင့်ပေးလိုက်ရတယ်လို့ ပရိသတ်တွေက ယူဆနေပါတယ်။
ထောင့်ကန်ဘောမှာ ဒီဂီယာတယောက် ဆုံးဖြတ်ချက် မပြတ်မသားဖြစ်နေခဲ့ပြီး ဘောလုံးကို ဆွဲရမလို၊ မဆွဲရမလိုနဲ့ ကစားသမားတွေကြားထဲညပ်ပြီး ချန်ဘာစ်က လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းသွားခဲ့တာပါ။ ပြီးခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာလည်း ဒီဂီယာရဲ့ အမှားကတဆင့် ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဝါ့ဒ်က ထောင့်ကန်ဘောကတဆင့် ခေါင်းတိုက်ဂိုးသွင်းယူခဲ့ပါသေးတယ်။
ဒီကနေ့ပွဲအပြီးမှာတော့ ပရိသတ်တွေက “နောက်ဆုံးမိနစ်ဂိုးကိုကြည့်လိုက်ရင် ဒါက ဒီဂီယာရဲ့ အမှားကြောင့်ဆိုတာ သိသာထင်ရှားပါတယ်” “ဒီနောက်ပိုင်းရက်တွေမှာ ဒီဂီယာကိုထည့်သုံးတာက ဂိုးသမားမပါဘဲ ကစားနေရသလိုပဲ” “ရာသီကြိုမှာ ဒါမျိုးထပ်မြင်ရတာ ကျနော်အရမ်းပျော်ပါတယ်”
“ရာသီသစ်က စတော့မယ်၊ ဒီဂီယာက ဖြတ်တင်ဘောတွေအတွက် အသင့်မဖြစ်သေးပါဘူး။ သူ့ပြဿနာကို တန်ဟက်ခ်မြင်မှာပါ” လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ တန်ဟက်ခ်ဟာ အသင်းကို စတင်ရောက်ရှိတည်းက ဂိုးသမားအသစ်ရှာဖွေမယ်လို့ သတင်းထွက်ခဲ့ပေမယ့် လာမယ့်ရာသီမှာတော့ ဒီဂီယာကိုသာ အဓိကဂိုးသမားအဖြစ် အသုံးပြုသွားဖွယ်ရှိပါတယ်။