ဘာဝိန်းရဲ့ အဖွင့်ဂိုးမှာ ဖျက်ထုတ်ပုံ အားနည်းခဲ့တဲ့ မက်ဂွိုင်းယားနဲ့ ကန်သွင်းချက်ကို မကာကွယ်နိုင်ခဲ့တဲ့ ဒီဂီယာတို့ကို ရွိုင်ကိန်းက ဒေါသထွက်နေခဲ့တာပါ။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းရွိုင်ကိန်းက စပါးနဲ့ သရေကျခဲ့တဲ့ပွဲမှာ အဖွင့်ဂိုးကို ခွင့်ပြုပေးခဲ့ရအောင် အားနည်းခဲ့တဲ့ ဂိုးသမားဒီဂီယာ နဲ့ မက်ဂွိုင်းယားတို့ကို ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။ ဘာဝိန်းရဲ့ အဖွင့်ဂိုးမှာ ဖျက်ထုတ်ပုံ အားနည်းခဲ့တဲ့ မက်ဂွိုင်းယားနဲ့ ကန်သွင်းချက်ကို မကာကွယ်နိုင်ခဲ့တဲ့ ဒီဂီယာတို့ကို ရွိုင်ကိန်းက ဒေါသထွက်နေခဲ့တာပါ။
အသင်းခေါင်းဆောင်မက်ဂွိုင်းယားဟာ ဘာဝိန်းဘောလုံးဆွဲပြေးခဲ့မှုကို တားဆီးမှုအားနည်းခဲ့ပြီးနောက် ၁၈ ကိုက်စည်းအတွင်းကနေ စပါးကြယ်ပွင့်က အပြင်းကန်သွင်းခဲ့ရာမှာ ဒီဂီယာ ဘယ်လိုမှမတတ်နိုင်ဘဲ ဂိုးပေးခဲ့ရပါတယ်။ အနှေးပြကွက်တွေအရ ကန်သွင်းချက်က တော်တော်လေးအားပါပြင်းထန်ခဲ့ပြီး ဒီဂီယာ ကာကွယ်ဖို့အတွက် မတတ်နိုင်ဖြစ်ခဲ့ရပါတယ်။
ဒါပေမယ့်လည်း ရွိုင်ကိန်းက "ကျွန်တော်သာဆို ပွဲပြီးရင် သူတို့ကို အသင်းဘတ်စ်ကားပေါ် တက်ခိုင်းမှာတောင်မဟုတ်ပါဘူး၊ မန်ချက်စတာကို ပြန်ဖို့ တက္ကစီနဲ့လိုက်လာခဲ့လို့ ပြောမှာ၊ သူတို့ခေါင်းတွေကို အရှက်တရားတွေကြားထဲမှာ ချိတ်ဆွဲထားသင့်တယ်" လို့ ရွိုင်ကိန်းက Sky Sports က တဆင့် ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့ပါတယ်။
ဘာဝိန်းဟာ မက်ဂွိုင်းယားကို လွယ်လင့်တကူပဲ ကျော်ဖြတ်နိုင်ခဲ့ကာ ပါ၀ါအပြည့်ပါတဲ့ ကန်သွင်းချက်နဲ့ ဂိုးရယူခဲ့တာဖြစ်ပါတယ်။ "အဲဒီဂိုးအတွက် ကျွန်တော်တကယ်အံ့အားသင့်မိတယ်၊ ကျွန်တော် ဘောလုံးပွဲတွေကြည့်လာတာနှစ်ပေါင်းမနည်းတော့ဘူး၊ ဒီဂိုးအတွက်တော့ ကျွန်တော် ဒေါသထွက်မိတယ်၊ မက်ဂွိုင်းယားလို လက်ရွေးစင်ကစားသမားကလည်း အလွယ်တကူပဲ ဂိုးပေးခဲ့ပါတယ်၊ အဲဒီဂိုးသမားကိုလည်း သေလောက်အောင် စိတ်ပျက်မိတယ်" လို့ ရွိုင်ကိန်းက ထပ်ပြောသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ချေပဂိုးရဖို့အတွက် ဒုတိယပိုင်းမှာ အားထုတ်ကစားခဲ့ရပြီး ပွဲကစားချိန် ၈၁ မိနစ်မှသာ ပေါ့ဂ်ဘာရဲ့ အားထုတ်မှုကြောင့် ရရှိခဲ့တဲ့ ပယ်နယ်တီကတဆင့် ဖာနန်ဒက်စ်သွင်းယူပေးခဲ့လို့ ရယူနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယူနိုက်တက်ရဲ့ ကြိုးပမ်းမှုက တစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။